၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်

 ရွေးကောက်ပွဲတစ်ခု၏ စံနှုန်းကို လွတ်လပ်ပြီး တရားမျှတမှု ရှိ/မရှိ၊ Free and Fair ဖြစ်/ မဖြစ် ဟူသည့်ပေတံဖြင့် တိုင်းတာလေ့ရှိပါသည်။ ယင်းသို့ တိုင်းတာသုံးသပ်ရာတွင် ရွေးကောက်ပွဲ ကျင်းပသောနေ့တစ်နေ့တည်း၏ဖြစ်စဉ်ကို လေ့လာသုံးသပ်ရုံမျှဖြင့် လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲစက်ဝန်း (Election Circle) ပါ ကာလများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင် ဖြစ်ပေါ်ဆောင်ရွက်ခဲ့မှု အခြေအနေများကိုပါ ထည့်သွင်းလေ့လာသုံးသပ်ရမည် ဖြစ်ပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာတွင် NLD ပါတီခေါင်းဆောင်များဖြစ်သော သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၏ အတည်ပြုစွက်ဖက်မှုများဖြင့် NLD ပါတီဝင်များ၊ အမာခံများ ထည့်သွင်းဖွဲ့စည်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရာတွင် အာဏာရ NLD ပါတီကို ပိုမိုအခွင့်သာမည့် ပြင်ဆင်ချက်များ ထည့်သွင်းပြဋ္ဌာန်းခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များခေါင်းဆောင်သည့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအဖွဲ့များ၊ NLD ပါတီအစိုးရကခန့်အပ် သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဖိအားပေးစွက်ဖက်ဆောင်ရွက်ခြင်းများကြောင့် မဲစာရင်းများ ပိုမိုဖောင်းပွမှားယွင်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ပွဲကာလ လုပ်ငန်းစဉ်များ ဖြစ်သည့် မဲဆွယ်စည်းရုံးရေးများ ဆောင်ရွက်ရာတွင်လည်း အာဏာရပါတီ NLD သည် အုပ်ချုပ်ရေး အာဏာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်၊ တားမြစ်ချက်များကို အသုံးချ၍ အသာစီးရယူ ဆောင်ရွက်ခြင်း၊ ပြိုင်ဘက်နိုင်ငံရေးပါတီများက နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရုပ်မြင်သံကြားနှင့် သတင်းစာမှ ထုတ်လွှင့်ဖော်ပြမည့် ဟောပြောချက်များကို ဖြတ်တောက်ဆင်ဆာပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဆောင်ရွက်နိုင်သည့် လုပ်ငန်း ၁၃ မျိုးမှ ၄ မျိုးကို လျှော့ချခွင့်ပြုခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ် Code of Conduct for Political Party and Candidates (CoC) ရေးဆွဲရာတွင် ဝင်ရောက်စွက်ဖက် လွှမ်းမိုးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသော ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်ခြင်းဖြင့် အာဏာရပါတီ NLD အတွက် ဘက်လိုက်ဆောင်ရွက်ခြင်း၊ ကြိုတင်မဲများကောက်ခံရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော၊ မှန်ကန်မျှတမှု မရှိသော ကြိုတင်ဆန္ဒမဲကောက်ခံခြင်းများ ဖြစ်ပေါ်ဆောင်ရွက်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ပွဲနောက်ပိုင်းကာလတွင် ဖြစ်ပေါ် လာသော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ပြိုင်ဘက်ပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း၊ တပ်မတော်အပါအဝင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲစာရင်း မှားယွင်းမှုများကို စိစစ်ပေးရန်နှင့် နောက်ဆုံးမဲစာရင်း မိတ္တူများကို ဥပဒေနှင့်အညီတောင်းခံခဲ့သော်လည်း ငြင်းပယ်ခဲ့ခြင်း၊ တပ်မတော်က စိစစ်တွေ့ရှိရသည့် မဲမသမာမှု ဖြစ်နိုင်၊ ပြုနိုင်သည့် မဲစာရင်း ၁၀၄၈၂၁၁၆ ဦး (မဲဆန္ဒရှင်ပေါင်း၏ ၂၈.၁၇%) နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်စိစစ်ဖြေရှင်း ဆောင်ရွက်မှု မရှိခြင်း၊ ယခင် အထွေထွေရွေးကောက်ပွဲများထက် အလွန်ပိုမိုများပြားသည့် ကန့်ကွက်လွှာ ၂၈၇ မှုကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများက တင်သွင်းလာခြင်း၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေနှင့်အညီ တောင်းဆိုတင်ပြချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နောက်ပိုင်းကာလများတွင်ဖြစ်ပွားခဲ့သည့် မဲစာရင်းဆိုင်ရာ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲပေးခြင်းဆိုင်ရာ အပါအဝင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး တပ်မတော်မှ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ ပြည်ထောင်စုလွှတ်တော်ကသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရကသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာ၍ ဖြေရှင်းပေးရန် သဘောထားထုတ်ပြန်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျော်လွန်လုပ်ဆောင်ကာ ဥပဒေကပေးအပ်ထားသော တာဝန်များ ပျက်ကွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အရေးယူပေးရန် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သော်လည်း အရေးယူဆောင်ရွက်ခဲ့မှုမရှိခြင်း၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံကျော်ဖြစ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးပါရန် တောင်းဆိုလွှာတင်သွင်းသည်ကိုလည်း ကျင်းပရန်မလိုအပ်ကြောင်း ပြန်ကြား ငြင်းပယ်ခဲ့ခြင်းဖြင့် မဲမသမာမှုများကိုဖြေရှင်းရန်မဆောင်ရွက်ဘဲ မသမာမှုများရှိသည့် ရွေးကောက်ပွဲရလဒ်ဖြင့် လွှတ်တော်အတင်းခေါ်ယူ၍ မတရားသောနည်းလမ်းဖြင့် အာဏာရယူရေး ဆောင်ရွက်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်ချိန်တွင် လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲကျင်းပရန် မသင့်၍ ရွေးကောက်ပွဲရွှေ့ဆိုင်းမည့် နယ်မြေစာရင်းများ ထုတ်ပြန်ရာတွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် NLD ပါတီ အစိုးရ၏ သဘောထားအရ ၎င်းတို့ အနိုင်ရနိုင်ခြေမရှိသည့် ရခိုင်ပြည်နယ် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ် ၆ မြို့နယ်တို့ကို ကြေညာထုတ်ပြန်ခဲ့ခြင်း၊ ထိုအချိန်တွင် လုံခြုံရေးအခြေအနေပိုမိုဆိုးဝါးသည့် ပလက်ဝမြို့နယ်ကို ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ဆောင်ရွက်ခြင်းအပေါ် နိုင်ငံရေးပါတီများက ထောက်ပြကန့်ကွက်ခဲ့သော်လည်း ညှိနှိုင်းပြင်ဆင်မှုမရှိကြောင်း တွေ့ရှိရသဖြင့် NLD ပါတီအစိုးရနှင့် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့သည် မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံး၍ ဘက်လိုက်ဆောင်ရွက်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များ မှာယူရိုက်နှိပ်ရာတွင် အမှန်လိုအပ်သည့် ပမာဏထက် ပိုမိုသော မဲလက်မှတ်စောင်ရေ ၁၃၉၃၃၁၁၂၀ စောင် ရိုက်နှိပ်ခဲ့ခြင်းနှင့် ယင်းသို့ရိုက်နှိပ်ရေး ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကျင်းပသည့်နေ့မတိုင်မီ ၁ ရက်အလို ၇-၁၁-၂၀၂၀ ရက်နေ့အပါအဝင် ထပ်မံရိုက်နှိပ်မှု ၈ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ရာတွင် လိုအပ်သည့်အရေအတွက်သာ စိစစ်ရိုက်နှိပ်သင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ကြိုတင်မဲများကောက်ခံခြင်း၊ ယင်းသို့ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီအောင်နိုင်ရေးအဖွဲ့များ ပါဝင်ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးခွင့်ရှိသူများ သတ်မှတ်ခြင်း၊ ကြိုတင်မဲကောက်ခံရမည့်ပုဂ္ဂိုလ်များ သတ်မှတ်ခြင်းနှင့် လိုက်နာဆောင်ရွက်ရန်တို့နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာ၌ မဲဆန္ဒရှင် သက်သေခံလက်မှတ် (Voter Slip) များဖြင့် မဲပေးခွင့်ပြုခဲ့ခြင်းကြောင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ နောင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် နိုင်ငံသားစိစစ်ရေးကတ်ရှိသူများကိုသာ စိစစ်၍ မဲပေးခွင့်ပြုသင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်သူအားလုံးကို ရှိကောက် ကောက်ယူစာရင်းပြုစုခြင်း၊ အိမ်ထောင်စုစာရင်းတွင် ပါရှိသူအားလုံးကိုလည်းထပ်မံထည့်သွင်းခြင်းတို့ကြောင့် မဲစာရင်းများ ဖောင်းပွမှားယွင်းခြင်း၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် စိစစ်ခြင်းမပြုနိုင်သည့် စိစစ်ရေးကတ်မရှိသူများ ထည့်သွင်းကောက်ခံခြင်း၊ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကို စိစစ်တွေ့ရှိရသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် အခြေခံကျပြီး အရေးကြီးသည့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် ပြည့်စုံမှန်ကန်ရေးအတွက် ရှင်းလင်းတိကျသည့် ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ပြဋ္ဌာန်းချက်များ ဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားချက် ထုတ်ပြန် ဆောင်ရွက်ခဲ့သော်လည်း ပြိုင်ဘက် ပါတီအချင်းချင်းအကြား၊ ပါတီထောက်ခံသူများအကြား၊ ပါတီ ဝန်းရံသူဟု ဆိုသူများအကြား ပြဿနာများစွာပေါ်ပေါက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးနှင့်စပ်လျဉ်းပြီး ခိုင်မာသော ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက် ထပ်မံဖြည့်စွက်ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရရှိပါသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့်အညီ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့နှင့်အညီ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများ စိစစ်ခြင်း၊ မဲလက်မှတ်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မဲဆန္ဒရှင်စာရင်း စစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှုဖြစ်နိုင်သော မှားယွင်းသည့် မဲဆန္ဒရှင်အရေအတွက် စုစုပေါင်း ၁၁၃၀၅၃၉၀ ဖြစ်ပြီး ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေး တွေ့ရှိချက်အရ ကျန်ရမည့် အရေအတွက်ထက် လျော့နည်းသည့်မဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁ နှင့် အပိုတွေ့ရှိ ရသော မဲလက်မှတ် အရေအတွက် ၄၃၈၈၅၀ ဖြစ်ကြောင်း တွေ့ရှိရကာ ယင်းမဲလက်မှတ်များသည် မဲမသမာမှုများကို ဖြစ်ပေါ်စေကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် မဲစာရင်းနှင့် မဲလက်မှတ်များ စစ်ဆေးခြင်းအပါအဝင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းအလိုက် စစ်ဆေးတွေ့ရှိချက် ထုတ်ပြန်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်းစီအလိုက် စစ်ဆေးတွေ့ရှိချက်ထုတ်ပြန်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ခြင်းတို့ကို ကိန်းဂဏန်းအချက်အလက်များ၊ စစ်ဆေးတွေ့ရှိချက်များ၊ ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် အကြိမ်ကြိမ် အလီလီ စနစ်တကျ အတည်ပြုထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်းတွေ့ရှိရသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင်ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်အားလုံးအပေါ် အသေးစိတ်လေ့လာသုံးသပ်၍ နောင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲစနစ်အပါအဝင် အခြေခံကျသော ဥပဒေမူဘောင်များကို အသေးစိတ်လေ့လာသုံးသပ်၍ အချိန်မီပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။