၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

နိဂုံး

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အချုပ်အခြာအာဏာပိုင်ဆိုင်သော လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ်ရပ်တည်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်သာ ရှိခဲ့သည့်အလျောက် ဒီမိုကရေစီကိုအကြောင်းပြု၍ ရှုထောင့်အမျိုးမျိုးဖြင့် ဝင်ရောက်ခြယ်လှယ် လွှမ်းမိုးချုပ်ကိုင်ရန် ဆောင်ရွက်လာကြသည်ကို တွေ့မြင်နိုင်ပါသည်။ ကမ္ဘာ့ပထဝီဝင်အနေအထားအရ ပြောင်းလဲကျင့်သုံးလာသည့် ပထဝီနိုင်ငံရေး၏ အရေးပါသော တည်နေရာအနေအထားကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ဝင်ရောက်စွက်ဖက် လွှမ်းမိုးခြယ်လှယ်မှုများ မပြုလုပ်နိုင်စေရန် မျက်ခြည်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုအပ်ပါသည်။ ဒီမိုကရေစီကျင့်သုံးရာတွင် အများဆန္ဒဖြင့် ဆောင်ရွက်ကြသော်လည်း အခြေခံအကျဆုံးလိုအပ်ချက်သည် တရားဥပဒေကို စောင့်ထိန်းလိုက်နာကျင့်သုံးခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီကျင့်သုံးရာတွင် စည်းကမ်း ဥပဒေများကိုလိုက်နာခြင်း အမှန်တရားကို မြတ်နိုးပြီး ဖြောင့်မတ်တည်ကြည်ခြင်းစသော အခြေခံများကိုလိုက်နာကြရမည်ဖြစ်ပါသည်။ ဒီမိုကရေစီ ကျင့်စဉ်သည် မိမိတိုင်းပြည်၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဆီလျော်သည့် နိုင်ငံရေး စနစ်မျိုးသာဖြစ်ရန်လိုအပ်ပါသည်။ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရအဖွဲ့အစည်းများကို တရားဝင်ဖြစ်စေခြင်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးများကို အာမခံရခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ပါတီနိုင်ငံရေးဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် အထူးလိုအပ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင်လည်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများဖြစ်မှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊ မဲမသမာမှု၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများဖြစ်ပွားခဲ့ပါသည်။ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ ရှင်းလင်းခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်၍ တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး အလို့ငှာ မဲစာရင်းများကိုစိစစ်ပြီး တွေ့ရှိချက်များကို သတင်းထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် မဲစာရင်းမှားယွင်းမှုများအား ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ - ခုနှစ်) နှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပေးရန် ငြင်းဆန်ခဲ့သဖြင့် လက်ရှိဖြစ်ပေါ်နေသောအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာဆောင်ရွက်ပေးရန် ထပ်မံတောင်းဆိုခဲ့ပါသည်။ ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးကြပါရန် နှစ်ကြိမ်တင်ပြခဲ့ပါသည်။ တပ်မတော်မှဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ရန် တင်ပြခဲ့သော်လည်း ယခင် နိုင်ငံတော်သမ္မတ၊ ယခင် ပြည်ထောင်စုလွှတ်တော်၊ ယခင် ပြည်ထောင်စုအစိုးရတို့မှ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အားလျော်စွာ မဲမသမာမှု၊ မဲစာရင်းမှားယွင်းမှုများကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာပြီး ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးအပ်ခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အထက်ပါလုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ် (၁) နှင့် (၅) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမိန့်အမှတ် (၇/၂၀၂၁) ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမဆုံးရှေ့လုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၁၅ မြို့နယ်တို့တွင် မဲစာရင်းများ စစ်ဆေးခြင်း၊ ဆန္ဒမဲလက်မှတ်များ မြေပြင်ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှု များနှင့် တရားမဲ့ပြုကျင့်မှုများအကြောင်း စုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီတစ်ခုတည်းသာ အနိုင်ရရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/ တားမြစ်ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကိုအလွဲသုံး၍လည်းကောင်း ကန့်သတ်ထိန်းချုပ်ခဲ့ပြီး နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ပယ်ဖျက်ခဲ့ရကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ၊ မှတ်တမ်းဓာတ်ပုံများနှင့်အတူ ပြုစုတင်ပြအပ်ပါသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်