၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

နိဒါန်း

 လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ပင် ဖြစ်သည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးမည့်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အစိုးရအဖွဲ့နှင့် အဖွဲ့အစည်းအသီးသီးတို့ကို ရွေးကောက်ပွဲဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပြည်သူကရွေးချယ်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မိမိနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီဆောင်ရွက်သော ရွေးကောက်ပွဲမျိုး ဖြစ်ရပါမည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊ မဲမသမာမှု၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများဖြစ်ပွားခဲ့ပါသည်။ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ ရှင်းလင်းခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်းများပြုလုပ်ခဲ့ကြပါသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်သူ့အင်အားပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ လူထုပါတီနှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှ သီးခြားစီ ထုတ်ပြန်၍လည်းကောင်း၊ နိုင်ငံရေးပါတီ ၂၃ ပါတီတို့မှ ပူးတွဲ၍လည်းကောင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီးတောင်းဆိုမှုများ ပြုခဲ့သည်ကိုတွေ့ရှိရပါသည်။ [1]

 ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးမှ ၁၈-၁၁-၂၀၂၀ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မမှန်မကန်မမျှတသည့် တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့ပြီး မဲစာရင်းများမှာလည်း မှားယွင်းခဲ့သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအတွက် တရားမျှတမှု ရရှိစေရန်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲစတင်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပထမဦးဆုံးထောက်ပြခဲ့ပါသည်။ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်းတို့မှ လက်မှတ်ရေးထိုးကာ မဲစာရင်းရလဒ်များ ပြန်လည်စိစစ်ရေတွက်၊ တိုက်ဆိုင် စစ်ဆေးခွင့်ပြုနိုင်ပါရန် ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ၁၂-၁၁-၂၀၂၀ ရက်စွဲဖြင့် တင်ပြခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။ ထို့အပြင်၂၆-၁၁-၂၀၂၀ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီစသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက သံတမန်ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများ၏ရှေ့မှောက်တွင် သက်သေများနှင့်တကွ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ [2] [3]

 တပ်မတော်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ထုတ်ပြန်ခဲ့သော မဲစာရင်းများအပေါ် စိစစ်ချက်များအရ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့်တစ်မြို့နယ်အတွင်း ထပ်နေသောမဲစာရင်း ၂၉၄၆၅၃၂၊ မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် ထပ်နေသောမဲစာရင်း ၁၀၇၀၁၀၀၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် ထပ်နေသောမဲစာရင်း ၁၇၈၆၃၀၂ အသက် ၁၈ နှစ် မပြည့်ဘဲမဲစာရင်းတွင် ပါဝင်နေသည့်မဲစာရင်း ၁၁၉၄၃၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေမှုအနေဖြင့် ၄၆၄၈၂၇၀၊ အသက် ၁၀၀ နှင့်အထက် ပါဝင်နေသည့်မဲစာရင်း ၁၈၃၅၆၊ အခြားနည်းဖြင့် ပါဝင်နေသည့်မဲစာရင်း ၆၁၃ တို့ကို စစ်ဆေးတွေ့ရှိရပြီး စုစုပေါင်းမဲစာရင်း စိစစ်မှု တွေ့ရှိချက်မှာ ၁၀၄၈၂၁၁၆ ဖြစ်ကြောင်း ၂၃-၁၂-၂၀၂၀ ရက်နေ့မှ ၂၈-၁-၂၀၂၁ ရက်နေ့အထိ ထုတ်ပြန်ခြင်း အကြိမ် ၃၀ ထုတ်ပြန်ကြေညာခဲ့ပါသည်။ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ ၂ ကြိမ်၊ ရွေးကောက်ပွဲအပြီး ၄ ကြိမ် စုစုပေါင်း ၆ ကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါသည်။ တပ်မတော် သတင်းစာရှင်းလင်းပွဲများ၌လည်း ပြည်တွင်း/ပြည်ပ မီဒီယာများရှေ့မှောက်တွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ [4] [5]

 ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်များအရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်းခန့်ရှိရာ မဲမသမာမှုဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်သည် ၁၀.၄ သန်းခန့်ရှိသဖြင့် မဲပေးပိုင်ခွင့်ရှိသူပမာဏ၏ လေးပုံတစ်ပုံကျော်ဖြစ်ပါသည်။ ၎င်းကိစ္စသည် သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားမှုမဟုတ်ကြောင်း ပြည်သူတစ်ရပ်လုံး တွေ့မြင်နိုင်ပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ၁၀-၁၁-၂၀၂၀ ရက်နေ့မှ ၂၉-၁-၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၁-၂-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ [6]

 နိုင်ငံရေးပါတီများနှင့် တပ်မတော်အနေဖြင့် ယင်းကဲ့သို့ ကြေညာချက်များ ထုတ်ပြန်၍ ရွေးကောက်ပွဲနှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း ဖြေရှင်းပေးရန် ပထမအဆင့်ပြောကြားခဲ့ကြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန် ငြင်းဆန်သည့်အခါ ဒုတိယအဆင့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၇ တို့နှင့်အညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၄ ဦး၊ အမျိုးသားဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦး၊ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးအားခေါ်ယူ၍ ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပါသည်။ ထို့ကြောင့် ကြုံတွေ့ခဲ့ရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခုခုကနည်းလမ်းရှာပေးပါရန် တတိယအဆင့်အနေဖြင့် ထပ်မံ တောင်းဆိုခဲ့ကြပါသည်။ ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့ပါသည်။ နိုင်ငံရေးပါတီများနှင့် တပ်မတော်အနေဖြင့် ဤသို့လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီအဆင့်ဆင့် ဆောင်ရွက်ခဲ့ကြပါသော်လည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်း ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါသည်။ [7]

 တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌တည်စေရန်ကို လည်းကောင်း၊” ပုဒ်မ ၆ (ဃ) နှင့် ပုဒ်မ ၇ တို့အရ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေး” ကိုလည်းကောင်း၊ ပုဒ်မ ၆ (စ) အရ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည် သည်” ဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အားလျော်စွာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရန်အတွက် မဲစာရင်းမှားယွင်းမှုများအား ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တောင်းဆိုခဲ့သော်လည်း ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းဆောင်ရွက်ပေးရန် ငြင်းပယ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲစာရင်းကြီးမားစွာမှားယွင်းမှုနှင့် အခြားသော ရွေးကောက်ပွဲဆိုင်ရာပြဿနာများအား တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်း တို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ) နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း” ဖြစ်ပါသည်။

 အဆိုပါ ပြဿနာများကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။ ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးအပ်ခဲ့ပါသည်။ [8]

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ အောက်ပါ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ပါသည် -

 (က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေး ခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်၊
 (ခ) လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် COVID – 19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်၊
 (ဂ) COVID – 19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်၊
 (ဃ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်၊
 (င) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အထက်ပါလုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ် (၁) နှင့် (၅) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမိန့်အမှတ် (၇/၂၀၂၁) ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ [9]

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်အနက် ပထမဆုံးရှေ့လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်တို့တွင် မဲစာရင်းများ စစ်ဆေးခြင်း၊ ဆန္ဒမဲလက်မှတ်များစစ်ဆေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ စုံစမ်းမေးမြန်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ပါ၍ ဤမဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများကို ပြုစုတင်ပြခြင်းဖြစ်ပါသည်။