ရွေးကောက်ပွဲတစ်ရပ်သည် ဆန္ဒမဲပေးခြင်းနှင့် စတင်ပြီး ရလဒ်များ ထုတ်ပြန်ကြေညာလိုက်သည်နှင့် ပြီးဆုံးသွားသည့် လုပ်ငန်းစဉ်မျိုးမဟုတ်ပေ။ တစ်ခုနှင့်တစ်ခုချိတ်ဆက်လျက်ရှိသည့် လုပ်ငန်းစဉ်များဖြင့် ပေါင်းစပ်ထားသည့် တစ်ဆက်တစ်စပ်တည်းသော ဖြစ်စဉ်ကြီး တစ်ခုဖြစ်ပြီး ၎င်းတွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကြား အပြန်အလှန်ဆက်ဆံဆောင်ရွက်ကြရသည်။ ရွေးကောက်ပွဲများကို ပုံမှန်ဆက်တိုက်ကျင်းပနေရသည်ဖြစ်၍ စက်ဝန်းသဖွယ်လည်ပတ်လျက်ရှိပါသည်။ အဆိုပါစက်ဝန်းအတွင်း ပါဝင်သော လုပ်ငန်းစဉ်တစ်ခုချင်းစီသည် တစ်ခုနှင့်တစ်ခု များစွာမှီခိုလျက်ရှိသည့်အလျောက် လုပ်ငန်းစဉ် တစ်ခု ပျက်ယွင်းမှု၊ ယင်းလုပ်ငန်းစဉ်အပေါ် လူပုဂ္ဂိုလ် တစ်ဦး(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုမှ ဩဇာ လွှမ်းမိုးမှုရှိပါက ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးသည် သမာသမတ်ရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ်သတ်မှတ်နိုင်ခြင်းမရှိဘဲ ရလဒ်မကောင်းသော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။