ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ်၊ ၄/၂၀၁၆ ဖြင့် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့ပါဝင်သော အဖွဲ့ဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်စွဲပါ အမိန့်အမှတ်၊ ၁၄/၂၀၁၇ ဖြင့် အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဋ္ဌေးတို့အား ထပ်မံခန့်အပ်၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်စွဲပါ အမိန့်အမှတ်၊ ၈/၂၀၁၉ ဖြင့် အဖွဲ့ဝင် ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင် တို့ကို ထပ်မံခန့်အပ်၍လည်းကောင်း ဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၁၄ ဦး၊ ပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ [1]
အထက်ဖော်ပြပါဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနက် အဖွဲ့ဝင်ဦးသန်းဋ္ဌေးသည် ယခင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၎င်းအနေဖြင့် ရွေးကောက်တင်မြှောက်ခြင်း မခံခဲ့ရကြောင်း သိရှိရပါသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားပြု ဦးစိုင်းဝမ်းလှိုင်းခမ်းက ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ယခင်ကော်မရှင်အဖွဲ့ဝင် ဦးသန်းဋ္ဌေး၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာပါ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်အရ ၎င်းထမ်းဆောင်ခဲ့ဖူးသော နိုင်ငံရေး၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များမှာ ၁၉၈၈ လားရှိုး ဗဟိုသပိတ်ကော်မတီဝင်၊ လှုံ့ဆော်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ၁၉၉၀ ပြည့်နှစ် လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လားရှိုးမြို့နယ် စည်းရုံးရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စည်းရုံးရေးကော်မတီအဖွဲ့ဝင် (ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးအဖွဲ့)၊ ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ (၁) အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ချုပ် ဗဟိုဌာနချုပ် (ရန်ကုန်) ရုံးအဖွဲ့တာဝန်၊ ဥပဒေအထောက်အကူပြုအဖွဲ့ (ဗဟိုဌာနချုပ်တာဝန်)၊ နိုင်ငံရေးအမှုများရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခြင်းတာဝန်၊ ၂၀၁၂ ခုနှစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်၊ ၂၀၁၅ ခုနှစ် လားရှိုးမြို့နယ်အောင်နိုင်ရေး အဖွဲ့ဥက္ကဋ္ဌတာဝန် စသည်တို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ [2]
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းခြင်းများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်ခဲ့ ပါသည်။ ထိုသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ပြန်လည် ဖွဲ့စည်းခြင်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များထံသို့ ၂၇-၁၁-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၄/ရကပ(၄၇)/ကမရ ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌထံသို့ ၇-၁၂-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၄ / ရကပ (၅၅) / ကမရ ဖြင့်လည်းကောင်း၊ အများယုံကြည်လေးစားခြင်း ခံရသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းအား စိစစ်ရွေးချယ်ပေးပို့ပါရန် တောင်းခံခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် (တိုင်းဒေသကြီး/ပြည်နယ် NLD ပါတီဥက္ကဋ္ဌများက အမည်စာရင်းများ ပေးပို့ခဲ့ကြပါသည်။ စိစစ်ရွေးချယ်ပေးပို့သည့် အဆိုပါ အမည်စာရင်းများအတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၄-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၇ ခု ကိုလည်းကောင်း၊ ၆-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ်(၃၄/၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၇ ခုကို လည်းကောင်း၊ ၉-၁-၂၀၁၈ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၁၈) ဖြင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုလည်းကောင်း အသီးသီးဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ [3] [4]
အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ၄-၁၂-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၄ / ရကပ (၅၀) / ကမရ၊ ၆-၁၂-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၄ / ရကပ (၅၃) / ကမရ၊ ၈-၁၂-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၄ / ရကပ (၅၆) / ကမရ နှင့် ၉-၁-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၄ / ရကပ (၁) / ကမရ တို့ဖြင့် ညွှန်ကြားဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထိုသို့ ဖွဲ့စည်းနိုင်ရေး ညွှန်ကြားဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များထံသို့ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ (အသစ်) နှင့် အတွင်းရေးမှူးတို့ ၂ ဦးက သွားရောက်တွေ့ဆုံ၍ လျာထားအမည်စာရင်းများပေးပို့ရန်ကို လည်းကောင်း၊ နောက်ဆုံးလျာထားအမည်စာရင်း (Final List) အား ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြပြီး အတည်ပြုချက်ရရှိမှသာ ကော်မရှင်သို့ ပေးပို့တင်ပြရန်ကိုလည်းကောင်း ညွှန်ကြားဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [5]
ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ၇-၂-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၄ /ရကပ (၂) / ကမရ နှင့် ၉-၄-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၄/ ရကပ (၁၆) / ကမရ တို့ဖြင့် ၁၈-၅-၂၀၁၈ ရက်နေ့အပြီး ဖွဲ့စည်းသွားရန် ညွှန်ကြားဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင်လည်း နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောတူညီ ချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [6]
ယခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ) ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကေ်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းရာတွင်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကော်မရှင်က သတ်မှတ်ထားသည့် မူဝါဒနှင့်အညီ မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၆ ပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံသူများကို လွတ်လပ်စွာဖြင့် ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်သော်လည်း ၂၀၁၇ ခုနှစ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းစေခြင်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော အစိုးရအဖွဲ့များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်းတွေ့ရှိရသဖြင့် အချို့ဒေသများတွင် NLD ပါတီ စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူများ၊ NLD ပါတီဝင်များ၊ ယင်းတို့၏အမာခံများနှင့် ပါတီနိုင်ငံရေးမကင်းရှင်းသူများပါဝင်နေပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လက်ရှိအာဏာရပါတီအပေါ် အလေးသာစေရန် ဘက်လိုက်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။