၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုဆိုင်ရာ ကန့်ကွက်မှုများ၊

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှရရှိသော စာရင်းဇယားများအရ ၃၁-၇-၂၀၂၁ ရက်နေ့အထိ သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားထားသည့် အမှုပေါင်း ၅၄၆ မှု ရှိပြီး တရားစွဲတင် ၃၃၆ မှု၊ ပိတ်သိမ်း ၁၉၂ မှု နှင့် လက်ကျန် ၁၈ မှု ဖြစ်ပါသည်။ အလားတူ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြလာသည့် အမှုတွဲများစွာ ရှိခဲ့သော်လည်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်အရေးယူဆောင်ရွက်ပေးမှု မရှိခဲ့ကြောင်းတွေ့ရှိရပါသည်။ ယခင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့၏ ဘက်လိုက်မှု၊ တရားမျှတမှုနှင့် ဥပဒေနှင့် ညီညွတ်မှုမရှိသော လုပ်ဆောင်မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တရားဝင် ကန့်ကွက်လွှာ တင်သွင်းသည့်အမှုပေါင်း ၂၈၇ မှု ရှိခဲ့ပြီး ယခင် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ၂၉ မှု၊ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ၄၅ မှုများနှင့် နှိုင်းယှဉ်ပါက လွန်စွာများပြားလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်စဉ်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပါ ရွေးကောက်ပွဲပြစ်မှုများဖြင့် ရဲစခန်းသို့ တိုင်ကြားရာတွင်လည်းကောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၄) ပါ တရားမဲ့ ပြုကျင့်မှုများကို ကန့်ကွက်လွှာတင်သွင်းရာတွင်လည်းကောင်း လိုအပ်သော နောက်ဆုံးမဲစာရင်း မိတ္တူ များကို ကူးယူခွင့်ပြုပါရန် သက်ဆိုင်ရာ ပါတီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တောင်းခံခဲ့သော်လည်း ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကူးယူခွင့်မပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ကန့်ကွက်လွှာတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ်လောင်း/ မဲဆန္ဒရှင်များ၏ ရှေ့နေများက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ များသို့ စာဖြင့် တရားဝင်တောင်းခံသော်လည်း နို့တစ်စာ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေ ၃ ဦး နှင့် အထက်တန်းရှေ့နေ ၁ ဦး ပေါင်း ၄ ဦးတို့အား တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၀ နှင့် The Legal Practitioners Act ပုဒ်မ ၁၃ အရ အရေးယူဆောင်ရွက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုင်တန်းတင်ပြ၍ ဖိအားပေးဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

 ရွေးကောက်ပွဲအလွန်ကာလတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်း မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့က သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တို့အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော် လျှောက်ထားခဲ့ရာ တရားလွှတ်တော်ချုပ်က လက်ခံစစ်ဆေးကြားနာရန် ဆောင်ရွက်မှုရှိခဲ့ပါသည်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်နှင့် ရှေ့နေ ဦးဇော်ဝိတ်တို့က သမ္မတအပါအဝင် ၄ ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁၄ ဦးတို့အား အာဏာပိုင်မေး စာချွန်တော်အမိန့် လျှောက်ထားမှုရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁၄ ဦး တို့အား အာဏာပေးစာချွန်တော် သို့မဟုတ် အာဏာပိုင်မေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားမှု ရှိခဲ့ပါသည်။ [1]