၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်မှုများနှင့် မဲမသမာမှုဖြစ်စဉ် များအပေါ် စစ်ဆေးတွေ့ရှိချက်များ၊

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အုပ်ချုပ်ရေး အာဏာပိုင်အချို့တို့သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဝင်ရောက်လွှမ်းမိုးဆောင်ရွက်ခဲ့သဖြင့် မဲမသမာမှုများ ပေါ်ပေါက်ခဲ့ရသည်ကိုတွေ့ရှိခဲ့ရပါသည်။ ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက် ရှိသော ရွှေ့ပြောင်းလုပ်သားများ၊ ရေမဆေးကျောက်ကောက်သူများမှ ပုံစံ (၃-က) များဖြင့် မဲစာရင်းတွင် ထည့်သွင်းပေးရန် လျှောက်ထားမှုများတွင် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ တင်ပြ နိုင်မှုမရှိခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ဖြစ်သော နေရပ်ရင်းရှိ မူလ မဲစာရင်းအမှတ်စဉ်အား ဖော်ပြနိုင်မှု မရှိခြင်းများကြောင့် မဲစာရင်းတွင် ထည့်သွင်းပေးရန်အတွက် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ငြင်းဆိုခဲ့ပါသည်။ ဖားကန့်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးတင့်စိုးက အဆိုပါ ရွှေ့ပြောင်းလုပ်သားများကို မဲစာရင်းတွင် ထည့်သွင်းပေးရန် ဝင်ရောက်စွက်ဖက်ပြောကြားခဲ့ရာ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများနှင့် မူလ နေရပ်ရှိ မဲစာရင်းအမှတ်စဉ်များ ဖော်ပြနိုင်မှု မရှိသဖြင့် အဆိုပါကိစ္စအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သော်လည်း ၎င်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဖုန်းဆက် မည် ဖြစ်ကြောင်း ဖိအားပေး ပြောဆိုခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံသား စိစစ်ရေးကတ်မူရင်းအား ပြသနိုင်ပါက မဲစာရင်းတွင် ထည့်သွင်းပေးရန် ဖြေလျှော့ပြင်ဆင်ညွှန်ကြား ခဲ့သဖြင့် အထောက်အထား တင်ပြနိုင်သည့် လျှောက်ထားသူများကို မဲစာရင်းတွင် ထည့်သွင်းပေး ခဲ့ရကြောင်း တွေ့ရှိရပါသည်။ [1]

 ဖားကန့်မြို့နယ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ Stay at Home မြို့နယ် အဖြစ် သတ်မှတ်ထားရှိရာ ၂၆- ၁၀- ၂၀၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးတင့်စိုး ဦးဆောင်၍ ကထန်ယန် ကျေးရွာအုပ်စုရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဦးနော်လီ၏ နေအိမ်တွင် ရပ်မိ/ရပ်ဖများ၊ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့သဖြင့် Stay at Home သတ်မှတ်ထားသည့် ကာလအတွင်း မဲဆွယ်စည်းရုံးခြင်းကြောင့်လည်းကောင်း၊ ၂၇-၁၀-၂၀၂၀ ရက်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖားကန့်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင့်စိုးနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဟိန်းမင်းတို့သည် ဒေသဖွံ့ဖြိုးရေး‌ ညှိနှိုင်းဆောင်ရွက်ရန် ခေါင်းစဉ်ဖြင့် နန့်စီးအောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်တွင် ကွင်းဆင်းမဲဆွယ်စည်းရုံးလျက်ရှိသဖြင့် Stay at Home ကာလသတ်မှတ်ချက် ဖောက်ဖျက်ကျူးလွန်နေခြင်းကြောင့်လည်းကောင်း အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြလာခဲ့သဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ စစ်ဆေးခဲ့ရာ ဖြစ်စဉ် မှန်ကန်မှုရှိသဖြင့် ဦးတင့်စိုးနှင့် ဦးအောင်ဟိန်းမင်းတို့ အပါအဝင် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း ဆောင်ရွက်ခဲ့ရကြောင်း စိစစ်တွေ့ရှိရပါသည်။ [2]

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) ကိုယ်စား လှယ်လောင်း ဒေါက်တာဒေါ်ခင်မကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိုးကောင်း မြို့နယ်အတွင်း မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တင်ပြခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်နှင့်အညီ လိုက်နာဆောင်ရွက် သွားရန် ထည့်သွင်းညွှန်ကြားခွင့်ပြုခဲ့ရာ စတင်ထွက်ခွာသည့် အချိန်၌ပင် သတ်မှတ်အင်အား ၅၀ ဦး (ဝန်းရံသူများမပါ) ထက်ကျော်လွန်နေသဖြင့် စာဖြင့် သတိပေး ဆောင်ရွက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ [3]

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း သည် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုသို့ သွားရောက်၍ အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ကြေး ထုတ်ပေးခဲ့ရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးမှ အဆိုပါဝန်ကြီး၏ ရှေ့မှောက်၌ ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ၌ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်မှသာ ဤကဲ့သို့ထောက်ပံ့ကြေးရရှိခြင်းဖြစ်ကြောင်း၊ ပါတီ၏ ကျေးဇူးကိုတုံ့ပြန်သောအားဖြင့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ မဲပေးခြင်းဖြင့် ကျေးဇူးဆပ်သင့်ကြောင်း” ပြောဆိုခြင်းဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိသည့်အချိန်တွင် ‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် မဲဆွယ်စည်းရုံး ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ [4]

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း က နိုင်ငံသားစိစစ်ရေးကတ် မပါရှိဘဲ ရက်ပေါင်း ၉၀ သတ်မှတ်ချက်နှင့် မကိုက်ညီသော ရွှေ့ပြောင်း လုပ်သားများ မဲစာရင်းတွင် ပါဝင်စေရေးအတွက် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအား ဖိအားပေးခိုင်းစေရာ ဆောင်ရွက်ပေးမှုမရှိသဖြင့် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအား လယ်ကုန်းရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကို အစားထိုး လဲလှယ်ရန် ဖိအားပေးပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်။ [5]

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း သည် ပါတီဝင်တစ်ဦးဖြစ်သော မြစ်ကြီးနားမြို့နယ်၊ ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှတစ်ဆင့် ရပ်/ကျေး စာရေးအား ဥပဒေနှင့်မညီသော မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိအောင် မဖြစ်မနေ လုပ်ဆောင်ပေးရန်နှင့် ကျန်ခဲ့ပါက တာဝန်ရှိမည်ဖြစ်ကြောင်း အကျပ်ကိုင်စေခိုင်းသဖြင့် ရပ်/ကျေး စာရေး ဦးဟန်ဇင်ဦး သည် ၎င်း၏ အစီအစဉ်ဖြင့် နောက်ဆက်တွဲစာရင်းများအား ကွန်ပျူတာစာစီ၍ လည်းကောင်း၊ လက်ရေးဖြင့်လည်းကောင်း ဖြည့်သွင်း၍ မဲစာရင်း တရားမဝင်တိုးခဲ့ခြင်းအပြင် ၎င်း တရားမဝင်တိုးယူခဲ့သော မဲစာရင်းအတွက် လိုအပ်သော မဲလက်မှတ်စာအုပ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခိုးယူအသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ [6]

 ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး အဖွဲ့များသည် ငှက်ပျောခြံလုပ်သားများအနေဖြင့် ပုံစံ (၃-က) ဖြင့် မဲစာရင်းတွင်ထည့်သွင်းပေးရန် လျှောက်ထားစေရေးအတွက် ခြံလုပ်ငန်းရှင်များအား ဖိအားပေးအကျပ်ကိုင်ခြင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဖိအားပေးအကျပ်ကိုင်ခြင်း၊ ကိုယ်စားလှယ်ဖြင့် အစုအဝေးလိုက် လျှောက်ထားမှု များအား မဲစာရင်းတွင် ထည့်သွင်းပေးရေးအတွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ဖိအားပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [7]

 တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ မိုင်းခွန် ကျေးရွာအုပ်စုမှ အုပ်ချုပ်မှုစိုးမိုးခြင်းမရှိသော၊ ဒေသအခေါ် မိုင်းခွန်ပေါက်ဝ ဟုခေါ်သည့်နေရာတွင် ယာယီနေထိုင်လျက် လုပ်ကိုင်စားသောက်နေသော ရွှေ့ပြောင်းလုပ်သားများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပုံစံ (၃-က) မဲစာရင်း ထည့်သွင်းပေးရေး လျှောက်ထားဆောင်ရွက်ရန် စည်းရုံးပြောဆို ခဲ့သဖြင့် အဆိုပါ ၄၀ ဦးအား မဲစာရင်းထည့်သွင်းပေးရန် ကိုယ်စားလှယ် ၁ ဦးဖြင့် လာရောက် လျှောက်ထားခဲ့ပါသည်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ယင်း၏အုပ်ချုပ်မှု လက်လှမ်းမမီသော နေရာတွင် နေထိုင်သော ယင်းအနေဖြင့် သိရှိခြင်းမရှိသည့်သူများ ဖြစ်ခြင်းကြောင့် ထောက်ခံချက် ပေးရန်ငြင်းဆိုခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးမှ တနိုင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လာရောက်ပြီး အဆိုပါ ပုဂ္ဂိုလ်များသည် မဲပေးခွင့်ရှိသော နိုင်ငံသားများဖြစ်သဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက် ပေးရန်လိုကြောင်း ဖိအားပေးသည့်ပုံစံဖြင့် ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်။ [8]

 အင်ဂျန်းယန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာဇော်ဂျပ်သည် မြစ်ကြီးနားမြို့နယ်အတွင်း အိမ်ထောင်စု ၁၇ စု မှ၊ မဲဆန္ဒရှင်အင်အား ၁၃၃ ဦးအား လဝက ပုံစံ (၁၀) ဖြင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ယင်း၏မိတ်ဆွေဖြစ်သူ မိသားစုများတွင် အိမ်ထောင်စုအဝင်စာရင်းပြုလုပ်၍ မဲစာရင်း ထည့်သွင်းပေးရန် ပုံစံ (၃)၊ ပုံစံ (၄-ခ) ဖြင့် လျှောက်ထား ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးလမာနော်အောင်ကလည်း မြစ်ကြီးနားမြို့နယ်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စု ၂၉ စု မဲဆန္ဒရှင်အင်အား ၁၆၂ ဦးအား လဝက ပုံစံ (၁၀) ဖြင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ယင်း၏ မိတ်ဆွေ ဖြစ်သူ မိသားစုများတွင် အိမ်ထောင်စုအဝင်စာရင်း ပြုလုပ်၍ မဲစာရင်း ထည့်သွင်းပေးရန် ပုံစံ(၃)၊ ပုံစံ (၄-ခ) ဖြင့် ထပ်မံလျှောက်ထား ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် အင်ဂျန်းယန်မြို့နယ်အတွင်း အခြေချ နေထိုင်လျက်ရှိသောဒေသခံများက အမှန်တကယ်နေထိုင်မှုမရှိသူများအား ထိုသို့မဲစာရင်းတွင်ထည့်သွင်း ပေးရန်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လက်မှတ်ရေးထိုး၍ အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ကန့်ကွက်လာခဲ့သဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အဆိုပါကိစ္စ သည် နေထိုင်ခွင့်မရှိသူများအတွက် ဆောင်ရွက်လာခြင်းဖြစ်ပြီး ဒေသမှလည်းလက်မခံဘဲ ကန့်ကွက် လာသည့်ကိစ္စဖြစ်သဖြင့် တရားမဲ့ပြုကျင့်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးပြောဆိုခဲ့သဖြင့် ပုံစံ (၃) ဖြင့် လျှောက်ထားမှုများအား ပြန်လည်ရုပ်သိမ်းသွားခဲ့ကြပါသည်။ သို့ရာတွင် မြစ်ကြီးနား မြို့နယ်မှ ပုံစံ (၁၀) ဖြင့် အထွက်ပြုလုပ်ခဲ့ကြသော မဲဆန္ဒရှင်များမှာ အချိန်ကန့်သတ်ချက်အရ မည်သည့်နေရာတွင်မှ မဲစာရင်းထည့်သွင်း၍ မရတော့ဘဲ မဲပေးပိုင်ခွင့်ဆုံးရှုံးသွားသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [9]

 ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄- ၈- ၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇ / ၄၆၄- အထွေထွေ/ အဖရ (၂၀၂၀) ဖြင့် ညွှန်ကြားချက်အရ ကယားပြည်နယ်အစိုးရအဖွဲ့မှ ၅- ၈- ၂၀၂၀ ရက်နေ့တွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ယင်းအဖွဲ့ကြောင့်ပင် လူဦးရေစာရင်းများ ထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ် နှင့်အထက် ပါဝင်မှုများ ဖြစ်ပွားခဲ့ရကြောင်း စိစစ်တွေ့ရှိရပါသည်။ ယင်းအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းများကျန်ရှိသေးကြောင်း ထပ်မံပေးပို့လာသည့် စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအနေဖြင့် မဲဆန္ဒရှင်စာရင်းများတွင် ထပ်မံ ထည့်သွင်းခဲ့ရကြောင်း တွေ့ရှိရပါသည်။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရပ်ကွက်/ ကျေးရွာအုပ်စု) တို့မှ အောက်ခြေတွင် သေချာစွာ စိစစ်ခြင်းမရှိဘဲ ထပ်မံပေးပို့လာသည့် လူဦးရေစာရင်း များကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီးသူများ ထပ်မံ ပါဝင်လာသဖြင့် မဲစာရင်းများ ဖောင်းပွခြင်း၊ ထပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [10]

 ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဖောက်ဖျက်ပြီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စုကို ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နယ်မြေစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော်အနေဖြင့် အကြောင်းကြားစာပေးပို့ခြင်းဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခဲ့ပြီး နိုင်ငံရေးရည်ရွယ်ချက်တစ်ခုခုဖြင့် ပြည်နယ်လွှတ်တော်၏ အရှိန်အဝါကိုယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ [11]

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖာပွန်မြို့နယ် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးညီညီကျော်က ဖာပွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ၅၄ ဦး ကို မဲစာရင်းတွင် ထည့်သွင်းပေးရန် ကရင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌသို့ လည်းကောင်း၊ ဘားအံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး စည်းရုံးရေးမှူး ဒေါ်ငြိမ်းငြိမ်းအောင်က လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ၇၇၅ ဦး ကို မဲစာရင်းတွင် ထည့်သွင်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသို့ လည်းကောင်း တင်ပြတောင်းဆိုခဲ့ကြောင်း တွေ့ရှိရပါသည်။ [12]

 ဖာပွန်မြို့နယ်အတွင်းရှိ ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်းခံထားရသူ မဲဆန္ဒရှင် ၄၇၁ ဦးနှင့် စပ်လျဉ်း၍ စိစစ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက အဆိုပါ အမျိုးသားမှတ်ပုံတင်ကတ်နံပါတ် ဖော်ပြထားသူ၊ ယာယီသက်သေခံလက်မှတ်ဖော်ပြထားသူ၊ NVC နံပါတ် ဖော်ပြထားသူ၊ မည်သည့်လက်မှတ်မျှ ဖော်ပြမထားသူများသည် အိန္ဒိယနွယ်ဖွားများ ဖြစ်ပြီး ကိုင်ဆောင်လက်မှတ်နှင့် ရုံးမှတ်တမ်းများအရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူများ မဟုတ်ကြောင်းနှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရန် ပြန်ကြားခဲ့သဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွင်ပါဝင်၍ မဲပေးခွင့်ရရှိခဲ့ပြီးသူ ၁၅၈ ဦးအား မဲစာရင်းတွင် ထည့်သွင်းပေးခဲ့ရပြီး ကျန် ၃၁၃ ဦးသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသဖြင့် မဲစာရင်းမှ စိစစ်ပယ်ဖျက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ [13]

 ယခင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်အနေဖြင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးအား ခေါ်ယူတွေ့ဆုံပြီး မဲစာရင်းတွင်ပါဝင်ခြင်း မရှိသေး သော NLD ပါတီကို ထောက်ခံသည့် နိုင်ငံသားစိစစ်ရေးကတ်မရှိသော သွေးနှောများကို သက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းများတွင် ထည့်သွင်းပေးရန်နှင့် ဆောင်ရွက်ပေးခြင်းမရှိပါက ရွေးကောက်ပွဲပြီးလျှင် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို လူ့အခွင့်အရေး ကော်မရှင်သို့တင်ပြ၍ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ဖိအားပေး အကျပ်ကိုင် စွက်ဖက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသူ များအား မဲစာရင်းတွင် ထည့်သွင်းနိုင်ခြင်းမရှိကြောင်း ပြန်လည်တင်ပြခဲ့ရသည်ကို တွေ့ရှိရပါသည်။ [14]

 ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲဆန္ဒရှင်တစ်ဦးတည်းမှ မဲ ၂ ကြိမ် ပေးခြင်း၊ မဲမသမာမှုများ မဖြစ်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးသူများကိုလည်း ရွေးကောက်ပွဲနေ့တွင် လက်သန်းမင်တို့သကဲ့သို့ ဆောင်ရွက်ခွင့် ရှိ/မရှိ လမ်းညွှန်မှုပြုပါရန် ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြခဲ့ရာ ခွင့်ပြုခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ [15]

 ကရင်ပြည်နယ်တွင် NLD ပါတီဝင်များသည် ကြိုတင်မဲရုံနှင့် ကိုက် ၅၀ အကွာတွင် ၅-၁၁- ၂၀၂၀ ရက်နေ့၌ NLD အလံနှင့်တံဆိပ်များ တပ်ဆင်ထားသည့် မော်တော်ယာဉ်ပေါ်မှ NLD အောင်နိုင်ရေး သီချင်းများ ဖွင့်၍မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပုံးများကို တရားမဲ့ ချိပ်ပိတ်ခြင်း/ သော့ခတ်ခြင်း၊ ကြိုတင်ဆန္ဒမဲများ ကောက်ယူစဉ် NLD ပါတီအား ဆန္ဒပြုရန် ပြောဆိုစည်းရုံးခြင်း၊ မဲဆန္ဒရှင် ကိုယ်စား ဆန္ဒပြုတံဆိပ်တုံးများ ရိုက်နှိပ်ပေးခြင်း စသည်ဖြင့် တရားမဲ့ ပြုကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။ [16]

 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် NLD ပါတီမှ အင်အားပြ မဲဆွယ်စည်းရုံးစဉ် ကရင် ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောယှားဖောင်အွာက ပါတီဝန်းရံသူများကို တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း ပေးဝေစည်းရုံးသဖြင့် ကန့်ကွက်တိုင်ကြားမှုများ ရှိခဲ့ကြောင်းတွေ့ရှိရပါသည်။ [17]

 ယခင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် NLD ပါတီ တို့သည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ယင်းတို့၏ အမာခံ ပါတီဝင်များ ပါဝင်စေရေးအတွက် ဝင်ရောက်စွက်ဖက် ဖိအားပေးဆောင်ရွက်ခြင်း၊ ကြိုတင်မဲပေးစဉ်နှင့် ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးမှုများအတွက် မဲဆန္ဒရှင် စာရင်း ပုံစံ (၁) များတွင် လက်ရေးဖြင့် ဖြည့်သွင်း၍ နောက်တိုး မဲဆန္ဒရှင်များကို ဆန္ဒမဲပေးခွင့်ပြုခြင်း၊ အသက် ၆၀နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးစဉ် ရပ်/ကျေးအများစု၌ ပါတီဝင်များဖြင့် အင်အားပြစုစည်း၍ ရွေးကောက်ပွဲတာဝန်ရှိသူများနှင့် မဲဆန္ဒရှင်များအား ဖိအားပေး ဆောင်ရွက်စေခြင်း၊ အချို့နေရာများ၌ မဲဆန္ဒရှင်များသို့ ထုတ်ပေးသည့် Mask များအတွင်းသို့ စက္ကူဖြင့် ပြုလုပ်ထားသည့် NLD logo များညှပ်သွင်း၍ လျှို့ဝှက်ဆန္ဒပြုခန်းအတွင်း ရောက်ရှိပါက ၎င်း logo ပါ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးစေရေး မသမာမှု ပြုလုပ်မှုများရှိခဲ့ခြင်း၊ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း မဲဆွယ်စည်းရုံးစဉ် ညွှန်ကြားချက်များကို လိုက်နာမှု မရှိဘဲ ဝန်းရံသူများဟု အကြောင်းပြသုံးနှုန်း၍ အင်အားပြ လှည့်လည် ခြင်းများကို ကြိုတင်ဆန္ဒမဲပေးသည့် နေ့ရက်များအထိ ဆောင်ရွက်မှုများ ရှိခဲ့ခြင်း၊ ကြိုတင်မဲပေးစဉ် ကာလအတွင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဆင့်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းက ကြိုတင်မဲပေးနေသည့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ဝင်ရောက်၍ ၎င်းတို့ ပါတီဝင်များအား ကြိုတင်မဲပေးနေသည့် ဖြစ်စဉ်များကို သေချာစွာ စောင့်ကြပ်ကြည့်ရှုရန် မလျော်ဩဇာသုံး ဆောင်ရွက်မှု များရှိခဲ့ခြင်း၊ ကြိုတင်မဲပေးစဉ် ဆန္ဒမဲလက်မှတ် မှားယွင်းထုတ်ပေးမှုများအပေါ် ပြန်လည်မဲပေးနိုင်ရန် ဥပဒေကျော်လွန် ဆောင်ရွက်ခြင်း စသည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ဝင်ရောက် စွက်ဖက်မှုများရှိခဲ့ပြီး မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [18]

 ယခင်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံ တယ်လီဖုန်းဖြင့်ဆက်သွယ်၍ ၎င်း၏ မဲဆန္ဒနယ်တွင် နိုင်ငံခြားမှ ပြန်မလာ နိုင်သူများအတွက် ၎င်း၏လူများမှ အစားထိုးမဲပေးမည်ဟု ပြောဆိုခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံက ဒုတိယအကြိမ်မဲစာရင်းကပ် ထားပြီးနောက်ပိုင်းမှ ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ်လာပြီး ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်း ဝါးမရမ်းကျေးရွာ ရော်ဘာခြံများတွင်နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားများ မဲစာရင်းတွင် ပါဝင်ရေး ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ NLD နယ်မြေစည်းရုံးရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ပုံစံ (၃) များနှင့်အတူ စေလွှတ်ပေးမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လည်း ဖုန်းဖြင့် ဆက်သွယ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၁-၁၁-၂၀၂၀ ရက်နေ့တွင် ဝါးမရမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်ရွှေ၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်အောင်နှင့် NLD ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးမှူးတို့ ရောက်ရှိလာပြီး ပုံစံ (၃) ၇၈၀ စောင်ကို မဲစာရင်းတွင် ထည့်သွင်းပေးရန်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံမှ ပေးအပ်ခိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ရွေးကောက်ပွဲမကျင်းပမီ ၇ ရက်အလို အစုလိုက်အပြုံလိုက် ကျန်ရှိခဲ့ကြောင်း တွေ့ရှိမှသာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စိစစ်၍ မဲစာရင်းတွင် ထည့်သွင်းခွင့်ပြုနိုင်သည်ဖြစ်၍ စိစစ်ရန် အချိန်မလုံလောက်ပါက မဲစာရင်းတွင် မပါဝင်နိုင်ကြောင်း ပြောကြားခဲ့ရာ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးထွန်းခင်က မဲစာရင်းတွင်ထည့်သွင်းပေးရန်ဖြစ်ကြောင်း၊ မည်သည့်ပုံစံကို အသုံးပြုသည်ဖြစ်စေ ခွင့်ပြုကြောင်းနှင့် တာဝန်ယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်။ ထို့ပြင် NLD ပါတီမှ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နော်ပွယ်စေး အနေဖြင့်လည်း ရွှေကျင်မြို့နယ်တွင် ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်အရေအတွက် လျော့နည်းသွားကြောင်းနှင့် ယခင် ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားလူမျိုး မဲစာရင်း၌ ပါဝင်ခဲ့သူ ၇၀ ဦးအား ပြန်လည်ထည့်သွင်းပေးရန် ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [19]

 ယခင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း နှင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးမှုကိစ္စရပ် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဝင်ရောက်စွက်ဖက် ညွှန်ကြားခဲ့ပြီး မဲမသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [20]

 ဆန္ဒမဲပေးမှုအခြေအနေများတွင် ထူးခြားချက်အနေဖြင့် ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်း(၁) ကျေးရွာအုပ်စု၊ မဲရုံအမှတ် (၁) တွင် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ဆန္ဒမဲလက်မှတ်များ ရေတွက် ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ပွယ်စေး၏ ခိုင်လုံမဲများတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ် (ခိုင်လုံမဲ) ၇၃ စောင် ပါဝင်နေကြောင်း စိစစ်တွေ့ရှိရပါသည်။ [21]

 သဲကုန်းမြို့နယ်ရှိ လက်ကျန်ဆန္ဒမဲလက်မှတ် ၉ အုပ်တွင် စာအုပ်နံပါတ်စဉ် မပါရှိသည့် မဲလက်မှတ် ၉ အုပ်ကို စိစစ်တွေ့ရှိရပါသည်။ [22]

 ရေစကြိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၆-၁၀-၂၀၂၀ ရက်နေ့၊ ၂၇-၁၀-၂၀၂၀ ရက်နေ့နှင့် ၂၈-၁၀-၂၀၂၀ ရက်နေ့တို့တွင် ကြိုတင်ဆန္ဒမဲပေးရန် ထုတ်ပေးခဲ့သော ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဦးကျော်နိုင်ဦး (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ ဦးချမ်းမင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ သရေစည်သူဦးစိုးမောင် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးတင်အောင် (ပြည်သူ့ရှေ့ဆောင်ပါတီ)၊ ဦးပိုက်ဋ္ဌေး (ညီညွတ်သောဒီမိုကရက်တစ်ပါတီ)၊ ဦးလွင်မြင့်ဦး (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)နှင့် ဦးအောင်မြင့်ကြည် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့၏ အမည်များ ပါဝင်သည့်ဆန္ဒမဲလက်မှတ်များမဟုတ်ဘဲ ရေစကြိုမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် သက်ဆိုင်ခြင်းမရှိသော မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ‌ဒေါ်တင်မိုးခိုင် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ ဦးမြင့်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးဝင်းကိုကို (ပြည်သူ့ရှေ့ဆောင်ပါတီ)၊ ဦးသန်းထွေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးအောင်ဆန်းဦး (ညီညွတ်သောဒီမိုကရက်တစ်ပါတီ) နှင့် ဦးအောင်သိန်းကျော် (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) တို့၏ အမည်များပါဝင်သည့် ဆန္ဒမဲလက်မှတ်များကို မှားယွင်းစွာ ထုတ်ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ [23]

 ထိုကဲ့သို့ မှားယွင်းထုတ်ပေးခဲ့သော မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်များသာ ပါရှိနေသည့် ဆန္ဒမဲလက်မှတ်များကို ၃၁-၁၀-၂၀၂၀ ရက်နေ့တွင် ဝါယာ ကျေးရွာအုပ်စု မဲရုံအမှတ်(၅)၊ ဂွေးဂုဏ်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ပေကုန်းကျေးရွာအုပ်စု၊ ပညှင်း ကျေးရွာ မဲရုံအမှတ် (၃)၊ မောက္ကလန်ကျေးရွာအုပ်စု မဲရုံအမှတ် (၁)၊ ခင်မွန် (ခေါ်) ခွေးမြှုပ် ကျေးရွာအုပ်စု မဲရုံအမှတ် (၁) တို့တွင်လည်းကောင်း၊ ၁-၁၁-၂၀၂၀ ရက်နေ့တွင် ခင်မွန် (ခေါ်) ခွေးမြှုပ် ကျေးရွာအုပ်စု မဲရုံအမှတ် (၂) တွင်လည်းကောင်း၊ ၂-၁၁-၂၀၂၀ ရက်နေ့တွင် မြေဖြူမုံညှင်းကျေးရွာအုပ်စု မဲရုံအမှတ် (၂) တွင်လည်းကောင်း၊ ၃-၁၁-၂၀၂၀ ရက်နေ့တွင် မအူအောက်ဆိပ်ကျေးရွာအုပ်စု မဲရုံအမှတ် (၃) တွင် လည်းကောင်း မှားယွင်းထုတ်ပေးခဲ့သဖြင့် မဲလက်မှတ်မှားယွင်းသူ ၂၇၈ ဦးနှင့် ဆန္ဒမဲပေးပြီးသူ ၆၆၇ ဦး၊ စုစုပေါင်းမဲဆန္ဒရှင် ၉၄၅ ဦးတို့ ဆန္ဒမဲပေးထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စစ်ဆေးတွေ့ရှိခဲ့ပါသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲလက်မှတ် မှားယွင်းပေးထား သော ဆန္ဒမဲလက်မှတ် ၉၄၅ စောင်နှင့် လက်ကျန် ၅ စောင်ကို ရေစကြိုမြို့မရဲစခန်းဝန်း အတွင်းရှိ ငွေတိုက်တွင် သိမ်းဆည်းထားရှိခဲ့ပါသည်။ ထို့ကြောင့် မဲဆန္ဒရှင် ၉၄၅ ဦးတို့အား မဲပေးခွင့်မဆုံးရှုံးစေရေး အသစ်တစ်ဖန် ပြန်လည်မဲပေးနိုင်ရန်အတွက် ဆန္ဒမဲလက်မှတ် ၉၅၀ စောင် (အုပ်ရေအားဖြင့် ၁၉ အုပ်)ကို ပြန်လည် အစားပေးခဲ့ပြီး အသစ်တစ်ဖန် ပြန်လည်မဲပေးခြင်းများ ဆောင်ရွက်စေခဲ့ပါသည်။ ထို့နောက် ရေစကြိုမြို့မရဲစခန်းဝန်းအတွင်းရှိ ငွေတိုက်တွင် သိမ်းဆည်းထားသည့် ဆန္ဒပြုထားခြင်းမရှိသေးသော ဆန္ဒမဲလက်မှတ်စာအုပ်အသစ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သယ်ယူကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဌာနဆိုင်ရာ အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးများမှ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်စာအုပ်များ၊ အမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်စာအုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဆန္ဒမဲလက်မှတ်စာအုပ်များ စုစုပေါင်း ၁၀၈၇၀ အုပ်နှင့် တိုင်းရင်းသားလူမျိုးဆန္ဒမဲလက်မှတ် ၄၉ စောင် တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ရာ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်များ ပါဝင်ခြင်းမရှိဘဲ သက်ဆိုင်ခြင်းမရှိသည့် မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်များသာ ပါရှိနေသည့် ဆန္ဒမဲလက်မှတ် စုစုပေါင်း ၂၀၅၀ စောင် (အုပ်ရေအားဖြင့် ၄၁ အုပ်) ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ချိပ်ပိတ်ကာ ရေစကြို မြို့မရဲစခန်းဝန်းအတွင်းရှိ ငွေတိုက်တွင် သိမ်းဆည်းထားရှိပါသည်။ ယင်းသို့ ချိပ်ပိတ်သိမ်းဆည်းထားသော ဆန္ဒမဲလက်မှတ် စုစုပေါင်း ၂၀၅၀ စောင် (အုပ်ရေအားဖြင့် ၄၁ အုပ်) ကို ဖွင့်ဖောက်စစ်ဆေးခဲ့ပါသည်။ [24]

 ရေစကြိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ ချိပ်ပိတ်ထားသော ဆန္ဒမဲလက်မှတ်အိတ် ၅ အိတ်တွင် NLD အမှတ်တံဆိပ်ပါ Label ကတ်ပြားအား သံကွင်းဖြင့် ဖောက်ကာ ဆန္ဒမဲလက်မှတ် အိတ်ချည်သောကြိုးဖြင့် တစ်ပါတည်းတွဲလျက်ချည်ထားပြီး ချိပ်ပိတ်ထားသည်ကို တွေ့ရှိရပါသည်။ NLD အမှတ်တံဆိပ်ပါ Label ကတ်ပြားများ ချိတ်ဆွဲ ချိပ်ပိတ်ထားခြင်းဖြင့် NLD ရုံးမှ ပေးပို့သည့် မဲလက်မှတ်များဖြစ်နိုင်ပြီး မဲပေးရာတွင် မသမာမှုများပြုလုပ်ထားကြောင်းတွေ့ရှိရပါသည်။ [25]

 မဲစာရင်းများကောက်ယူရာတွင် မန္တလေးတိုင်းဒေသကြီး NLD ပါတီမှ ပြင်ဦးလွင်မြို့နယ် မဲစာရင်းကိစ္စ တင်ပြချက်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ယခင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၏ တင်ပြညှိနှိုင်းချက်အရဟုဆိုကာ မဲစာရင်းတွင် ထည့်သွင်းပေးရန်အတွက် လည်းကောင်း၊ အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများမှ မဲစာရင်းတွင် မပါဝင်သူများ မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးရန်အတွက် လည်းကောင်း ယခင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးတို့ လက်မှတ် ရေးထိုး၍ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အကြောင်းကြားခဲ့ခြင်းတို့သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ အုပ်ချုပ်ရေးအာဏာ ကိုအသုံးပြု၍ ဝင်ရောက်စွက်ဖက်ကာ မလျော်ဩဇာကျင့်သုံးဆောင်ရွက်ခဲ့ကြောင်းစိစစ်တွေ့ရှိရ ပါသည်။ [26]

 ယခင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် South-East Asia Gas Pipeline Company Limited (Great Ocean Branch) နှင့် South East Asia Crude Oil Pipeline Company Limited (Great Ocean Branch) တို့မှ မြန်မာနိုင်ငံသား ဝန်ထမ်းများအား ယင်းတို့၏ ရုံးခန်းများမှနေ၍ ကြိုတင်မဲပေးခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ညွှန်ကြားခဲ့ခြင်းဖြင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [27]

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် NLD ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကိစ္စရပ်များ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ များသို့ ဝင်ရောက်စွက်ဖက် ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [28]

 မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၌ တာဝန်ကျသည့် အလယ်တန်းပြ ဆရာမ (မဲရုံအဖွဲ့ဝင်) ဒေါ်မိုးမြတ်သူဇာသည် ၎င်း၏မိဘများရှိရာ မယ်တလိုင်းကျေးရွာအုပ်စုတွင် လည်းကောင်း၊ ၎င်း၏ခင်ပွန်းရှိရာ ကျေးရွာ ဖြစ်သည့် စီးပွားချောင်ကျေးရွာအုပ်စုတွင် လည်းကောင်း မဲ ၂ ကြိမ်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ (ဆ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တွေ့ရှိရပါသည်။ အခြားမြို့နယ်များတွင်လည်း မဲစာရင်း ၂ ကြိမ်/ ၃ ကြိမ်ပါဝင်နေပြီး တစ်ကြိမ်ထက်ပိုမို ဆန္ဒပြုထားသူများကို အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိရာ မဲစာရင်းများတွင် အကြိမ်ကြိမ်ပါဝင်နေခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ပြုရန် အခွင့်အလမ်းတစ်ရပ်သဖွယ်ဖြစ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [29]

 ပြည်ထောင်စုနယ်မြေ မြို့နယ် ၈ မြို့နယ်တွင် တပ်ပြင်ပ မဲရုံသတ်မှတ်သည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ အတွင်း တပ်သီးသန့်ပြင်ပမဲရုံ ၂၄ ရုံ အပါအဝင် မဲရုံပေါင်း ၆၄၆ ရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုခန့်တွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ တို့သည် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိလာပြီး ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးဖြစ်သူတို့ထံ တပ်ပြင်ပမဲရုံ သတ်မှတ်သည့်ကိစ္စနှင့် ပတ်သက်၍ မကျေနပ်ကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့်အညီ မဆောင်ရွက်သဖြင့် မကျေနပ်ကြောင်း၊ တပ်မဲရုံများကို ဥပဒေအတိုင်း အပြင်ထုတ်ပေးရမည်ဖြစ်ကြောင်း လာရောက် ခြိမ်းခြောက်ပြောဆိုခဲ့သည်ကို တွေ့ရှိရပါသည်။ [30]

 ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ပါ ၃ ဦးသည် ၂၅-၁၀-၂၀၂၀ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိလာပြီး အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်မဲပေးခြင်းကိစ္စနှင့်ပတ်သက်၍ Stay at home မြို့နယ်များတွင်သာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ပျဉ်းမနားမြို့နယ်အတွင်း ၎င်းကိစ္စရပ်များအား စီမံဆောင်ရွက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည်ဟု ပြောဆိုကြိမ်းမောင်းခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [31]

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ကောက်ယူရေးအဖွဲ့ ဖွဲ့စည်း၍ ကောက်ယူခဲ့ရာ အသက်မပြည့်သူ၊ သေဆုံးသူများလည်း ပါဝင်ခဲ့ကြောင်း၊ မဲရုံတစ်ရုံတွင် လူ ၃၀၀၀ သတ်မှတ်သည့်အတွက် အခက်အခဲဖြစ်ကြောင်း၊ ကြိုတင်မဲကောက်ယူရာတွင် ဆရာ/ဆရာမများကိုတာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့အနေဖြင့် မှတ်ပုံတင်မရှိသူများကို ၎င်းသိကျွမ်းကြောင်းပြောဆိုကာ မဲစာရင်းတွင် ထည့်သွင်းစေခဲ့ခြင်းများ ရှိကြောင်း၊ မှတ်ပုံတင်မရှိသူများကို မဲထည့်စေခြင်း၊ ရက်ပေါင်း ၉၀ ကျော် နေထိုင်သည်ဟုဆိုကာ မဲထည့်စေခြင်းတို့ဖြင့် ဥပဒေကို လက်တစ်လုံးခြားလုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ အောင်နိုင်ရေးအဖွဲ့များက မဲရုံမှူး၏လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မဲရုံကိုယ်စားလှယ်များမှလည်း ဝင်ရောက်စွက်ဖက်ခြင်းများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [32]

 တပ်ကုန်းမြို့နယ်တွင် မဲရုံကိုယ်စားလှယ်များသည် ဖုန်းများဖြင့် ဓာတ်ပုံရိုက်ယူ၍ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များသို့ သတင်းပေးပို့ခဲ့မှုကြောင့် ဦးမောင်မောင်ဆွေ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း) သည် မဲရုံသို့ ရောက်ရှိလာပြီး မဲရုံမှူးတာဝန်ထမ်းဆောင်မှုကို ဝင်ရောက် စွက်ဖက်သဖြင့် အချေအတင် ပြောဆိုခဲ့ရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ပြည်ပသတင်းဌာနများမှလည်း မဲရုံသို့ လာရောက်၍ ဗီဒီယိုရိုက်ကူးရာ မဲရုံမှူးမှ တားမြစ်ပြီး ပြန်လည်စေလွှတ်ခဲ့ရကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု NLD ပါတီဝင် အများစုအနေဖြင့် မဲရုံ အသီးသီးတွင် လွှမ်းမိုးမှုရှိကြောင်း၊ အချို့မဲရုံများတွင် ယင်းတို့ ကိုယ်တိုင်မဲဆန္ဒရှင်များကိုယ်စား ဆန္ဒပြုတံဆိပ်တုံး ရိုက်နှိပ်ပေးခြင်းများလည်းရှိကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း NLD ပါတီဝင် လူငယ်များ ဆိုင်ကယ်ဖြင့် ကင်းပတ်သည်ဟုဆိုကာ ကျေးရွာအတွင်းသွားလာမဲဆွယ်ခြင်းများရှိကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်များကိုလည်း ခဲနှင့်ထုကြကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အားပေးသူ ၅၀ ခန့်ကိုလည်း သတ်ဖြတ်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ဦးစားပေးအလိုက် တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [33]

 ပုဗ္ဗသီရိမြို့နယ် တပ်မဲစာရင်းများနှင့်ပတ်သက်၍ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ဦးရည်မွန်နှင့် ဦးမောင်မောင်ဆွေ တို့သည် အဓိကဝင်ရောက် စွက်ဖက်ကြကြောင်းနှင့် မဲစာရင်းကောက်ယူရာတွင် မလျော်ဩဇာသုံး၍ မသမာမှုပြုလုပ်ခဲ့ကြောင်း၊ လွှတ်တော်မှ တပ်မဲရုံများ တပ်ပြင်ပသို့ထုတ်မည်ဟု‌ ပြောကြားချိန်မှစ၍ ရောက်ရှိလာခဲ့ပြီး တပ်မဲစာရင်းအရေအတွက်များ မေးမြန်းခြင်း၊ ဘဲကုန်းကျေးရွာအုပ်စုနှင့်ကပ်လျက်ရှိသည့် အမှတ် (၉၄၈) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်အား ဘဲကုန်းကျေးရွာအုပ်စုအပိုင်ထဲသို့ ထည့်သွင်းစေရန် မဲရုံခွဲဝေသတ်မှတ်မှုနှင့်စပ်လျဉ်း၍ ဝင်ရောက်စွက်ဖက် ဖိအားပေးခဲ့ကြောင်း၊ ဦးမောင်မောင်ဆွေ က ဖြုတ်ခွဲကျေးရွာအုပ်စုမှ လမ်းလုပ်သား ၄၀ ခန့်ကို မဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုခဲ့ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်မပါဘဲ ထည့်သွင်း၍မရကြောင်း ပြောကြားခဲ့သော်လည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား ဖိအားပေး လက်မှတ်ရေးထိုးစေခဲ့ခြင်းကြောင့် မဲစာရင်းတွင် ထည့်သွင်းပေးခဲ့ရကြောင်း၊ ကြိုတင်မဲပေးချိန်တွင် အိမ်ထောင်စုစာရင်း မရှိသူ၊ မှတ်ပုံတင်မရှိသူများ ရပ်ကွက်အတွင်း စိမ့်ဝင်ခဲ့ကြောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေ သည် ကြိုတင်မဲကောက်ယူချိန်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဖိအားပေး ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [34]

 ဒက္ခိဏသီရိမြို့နယ်တွင် ကျူးကျော်ရပ်ကွက်များ၌ နေထိုင်သူများနှင့် ဆောက်လုပ်ရေး လုပ်ငန်း/ ဟိုတယ်လုပ်ငန်းများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် ရွေးကောက်ပွဲနီးမှ ပြောင်းရွှေ့မှုများရှိခဲ့ပြီး ကျူးကျော်/ ပျံကျများပြားသဖြင့် မဲစာရင်းကောက်ရာတွင် အခက်အခဲရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အဖွဲ့ဝင် ဦးသန်းဝေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်နှင့် အဖွဲ့ဝင် ဒေါ်အေးအေးထက်တို့သည် NLD ပါတီ အမာခံများဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို NLD ပါတီသို့ သတင်းပေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ NLD ပါတီ၏ စည်းရုံးရေးမှူးများဖြစ်သည့် ဒေါ်သန်းသန်းစိုး၊ ဦးနေလင်း၊ ဦးမျိုးမင်းထိုက်၊ ဦးဇော်လင်းတို့သည် NLD ပါတီ အနိုင်ရရှိရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းများတွင်ဝင်ရောက်စွက်ဖက်ခဲ့ခြင်းများကို ပြုလုပ် ခဲ့ကြကြောင်း စိစစ်တွေ့ရှိရပါသည်။ [35]

 လယ်ဝေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဖြစ်သည့် ဦးလှဝင်းနှင့် ဦးမြင့်ဟန် တို့သည် NLD ပါတီဝင်များ ဖြစ်ကြပြီး ယင်းတို့သည် ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ ဖြစ်သော ဦးစောလှထွန်း၊ ဦးကျော်မြင့်ဦး၊ ဦးမျိုးဇော်ဦး၊ ဦးမောင်မောင်သွင်၊ ဦးစံထွန်းကျော် တို့ ၅ ဦးနှင့် ချိတ်ဆက်ဆောင်ရွက်လေ့ရှိကြောင်း၊ ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မြင့်က ရွေးကောက်ပွဲနေ့အထိ ရပ်ကွက်/ ကျေးရွာအုပ်စု ထောက်ခံချက်ဖြင့် မဲစာရင်းပေး၍ရကြောင်းကို ရွေးကောက်ပွဲသင်တန်းနေ့တွင် ပြောဆိုဆွေးနွေးခဲ့ကြောင်း၊ ဇမ္ဗူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းသည် မဲစာရင်းတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့အထိ အမည်စာရင်း ထည့်သွင်းရန် စေခိုင်းမှုများရှိကြောင်း၊ ရွေးကောက်ပွဲနီးချိန်မှ မဲစာရင်းတွင် ပါဝင်လိုခြင်းနှင့်စပ်လျဉ်း၍ စိစစ်ရာ မဲဝယ်သည့် စနစ်ကြောင့် မက်လုံးအရ လာရောက်ဆောင်ရွက်ချက်များရှိသည်ကို တွေ့ရှိ ရကြောင်း၊ အသက်အရွယ်ကြီးရင့်သူ အချို့ ကိုယ်စား သားသမီးများက ကြိုတင်မဲပေးခဲ့ကြကြောင်း၊ မဲပေးရာတွင် NLD ပါတီ တံဆိပ်ကို ဆန္ဒပြုခိုင်းခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [36]

 မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံများ၌ အမှားအယွင်းဖြစ်ပေါ် ရခြင်းသည် မတော်တဆ ဖြစ်ပွားမှားယွင်းမှုမျိုးမဟုတ်ဘဲ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးရည်မွန်၊ ဦးကျော်မင်းလှိုင်၊ ဦးမျိုးဇော်ဦး၊ ဦးကျော်တင့်၊ ဦးမောင်မောင်ဆွေ၊ ပျဉ်းမနားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် ဦးညီထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ ဒက္ခိဏခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အဖွဲ့ဝင် ဦးသန်းဝေ၊ ဇမ္ဗူသီရိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် ပါတီအောင်နိုင်ရေးအဖွဲ့များဖြင့် မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံး ခြင်း၊ ဆန္ဒမဲပေးခြင်းဆိုင်ရာလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်၍ မလျော်ဩဇာအသုံးပြု ဆောင်ရွက် ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [37]