၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများ ဝင်ရောက် စွက်ဖက် ကြိုတင်ကြံစည်ဆောင်ရွက်ခြင်း

 ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အဓိကအလေးထားဆောင်ရွက်ရသည့်ကိစ္စများမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းပြုစုရခြင်းဖြစ်ပါသည်။ အာဏာရအစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေး အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် ဦးစီးဌာနအချို့ကို ကြိုးကိုင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မကျင်းပမီ ၂ နှစ်ခန့် အလိုကပင် ကြိုတင်ပြင်ဆင်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ [1]

 မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅ (က) တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲစာရင်းပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သော လူဦးရေစာရင်း ပုံစံဇယားနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးကပြုစုထားသည့် လူဦးရေ (မသန်စွမ်းသူများ အပါအဝင်) စာရင်းတို့ကို ရယူအခြေခံပြီးပြုစုရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

 သို့ဖြစ်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းပြုစုနိုင်ရန် အတွက် နည်းဥပဒေပါပြဋ္ဌာန်းချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြုစုထားသည့် လူဦးရေစာရင်းအား အခြေခံကောက်ယူပါသည်။ လူဦးရေစာရင်းပြုစုထားသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခန့်အပ်တာဝန် ပေးထားသော အုပ်ချုပ်ရေးမှူးများဖြစ်ကြပါသည်။ ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအသီးသီးတို့၏ မဲစာရင်းပြုစုရာတွင် အဓိကဦးစီးဌာနတစ်ရပ်အနေဖြင့် ပါဝင်နေပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် မဲစာရင်းများပြုစုခဲ့ချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ရပ်အနေဖြင့် တည်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈)၏ သဘောတူညီချက်အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ ၂၃-၁-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၄/၂၀၁၉) ဖြင့် ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ)မှ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူရေး ကော်မတီများ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပါသည်။ [2] [3]

 ထို့ပြင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစု‌ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်အား မဲစာရင်းပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး လူဦးရေစာရင်းအချက်အလက်များ ကောက်ယူ ပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား ၁၃-၆-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ လူဦးရေစာရင်းအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက် လူဦးရေစာရင်းများအား ကြိုတင်ပြင်ဆင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူစာရင်း ကောက်ယူခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ထည့်သွင်းနိုင်ရန်အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [4]

 လူဦးရေစာရင်းပြုစုခြင်းအပိုင်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ရသည့်အပိုင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အသေးစိတ် ပြန်လည်စိစစ်ပေးရမည့်အပိုင်းဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရအနေဖြင့် ယင်းကဲ့သို့အရေးပါလှသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအား ကြိုးကိုင် ခြယ်လှယ်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏အမိန့်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကို ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှလွဲ၍ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းကာ ဝန်ကြီးများ ထပ်မံခန့်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက် စနစ်တကျ အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။ ထိုသို့ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း အငြင်းပွားဖွယ်ဖြစ်ခဲ့ရပါသည် - [5] [6]

စဉ် အမည် တိုင်းဒေသကြီး/ပြည်နယ် ရက်စွဲ အမိန့်အမှတ်
၁။ ဦးဇော်ဝင်း ကချင်ပြည်နယ် ၁-၈-၂၀၁၉ (၃၅/၂၀၁၉)
၂။ ဦးခင်မောင်ဖြူ ကယားပြည်နယ် ၁၇-၂-၂၀၂၀ (၇/၂၀၂၀)
၃။ ဦးမင်းကိုခိုင် ကရင်ပြည်နယ် ၁၀-၇-၂၀၁၉ (၂၇/၂၀၁၉)
၄။ ဦးဖွေအား ချင်းပြည်နယ် ၁-၇-၂၀၁၉ (၂၃/၂၀၁၉)
၅။ ဦးမိုးကျော်သူ စစ်ကိုင်းတိုင်းဒေသကြီး ၂၈-၆-၂၀၁၉ (၂၂/၂၀၁၉)
၆။ ဦးကျော်မင်း (ခ) ဦးဖိုးမင်း တနင်္သာရီတိုင်းဒေသကြီး ၁-၇-၂၀၁၉ (၂၃/၂၀၁၉)
၇။ ဦးထွန်းထွန်းဦး ပဲခူးတိုင်းဒေသကြီး ၁၀-၇-၂၀၁၉ (၂၇/၂၀၁၉)
၈။ ဦးမြင့်အောင် မကွေးတိုင်း‌ဒေသကြီး ၅-၇-၂၀၁၉ (၂၆/၂၀၁၉)
၉။ ဦးအောင်ကြည် မန္တလေးတိုင်းဒေသကြီး ၁၅-၇-၂၀၁၉ (၂၈/၂၀၁၉)
၁၀။ ဦးထွန်းမင်းအောင် မွန်ပြည်နယ် ၁၅-၇-၂၀၁၉ (၃၀/၂၀၁၉)
၁၁။ - ရခိုင်ပြည်နယ် - -
၁၂။ ဒေါ်မိုးမိုးစုကြည် ရန်ကုန်တိုင်းဒေသကြီး ၂-၇-၂၀၁၉ (၂၄/၂၀၁၉)
၁၃။ - ရှမ်းပြည်နယ် - -
၁၄။ ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီး ၂၀-၉-၂၀၁၉ (၄၀/၂၀၁၉)

 ဝန်ကြီးဌာနအသစ်ဖွဲ့စည်းခဲ့သည့်အချိန်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ဖြင့် ပူးပေါင်းပြီး မဲစာရင်းပြုစုမည့် အချိန်မတိုင်မီ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

 ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်း သည် ဝန်ကြီးအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် မြစ်ကြီးနားသတင်းဂျာနယ်နှင့် အင်တာဗျူးတွင် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းလိုက်ရခြင်း၏ အဓိကအကြောင်းအရင်းအနေဖြင့် အရေးကြီးသည့်ကိစ္စအဖြစ် ရွေးကောက်ပွဲများတွင် မဲစာရင်းများမှန်မှန်ကန်ကန် ဖြစ်စေရန်အတွက် ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရန်အတွက် စာရင်းဇယားများ ပြုစုချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်တို့သည် ပူးပေါင်း၍လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်သည့်အချိန်တွင် ဝန်ကြီးဦးဇော်ဝင်းအနေဖြင့် ယင်းအဖွဲ့၏ နာယကအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ သို့သော်လည်း မဲစာရင်းများ သိသိသာသာမြောက်မြားစွာ မှားယွင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ [7]

 တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ပံ့ပိုးကူညီရေးအဖွဲ့အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄-၈-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၇/၄၆၄- အထွေထွေ/အဖရ(၂၀၂၀) ညွှန်ကြားချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များမှ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ ပါဝင်ဖွဲ့စည်းခဲ့ကြောင်းတွေ့ရှိရပါသည်။ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှလည်း ၁၀-၈-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၄ / ရကပ(၁၄၆) / ကမရ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ၏ မဲဆန္ဒရှင်စာရင်းများအား ပြည့်စုံမှန်ကန်စေရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များကို ဖွဲ့စည်း ခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့မှ ပထမအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများကို တောင်းခံလာပါက Soft Copy CD ဖြင့် ပေးပို့နိုင်ရေးဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့အား ညွှန်ကြားခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသို့ မဲဆန္ဒရှင်စာရင်းအား Soft Copy CD ဖြင့် ပေးပို့ ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးများအား တာဝန်ပေးအပ်ကာ ဝန်ကြီးများမှ ဦးဆောင်၍ Volunteer များဖြင့် မဲစာရင်းများ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ၎င်း Volunteer များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် ပါတီအားပေးထောက်ခံသူ လူငယ်အများစုဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ဆောင်ရွက်မှုများအား အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ [8] [9]

 မဲစာရင်းများပြုစုရန်အတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက်ခဲ့ပါသည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရကခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အောင်နိုင်ရေးအဖွဲ့များက ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရပါသည်။ ယင်းသို့စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/မဟုတ် စိစစ်ခဲ့ခြင်းမျိုးမပြုလုပ်ခဲ့ဘဲ မဲစာရင်းတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ အစုလိုက် အပြုံလိုက် ပါဝင်နိုင်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နိုင်ရန်လုပ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၆) မဲစာရင်း ပြုစုခြင်းပါ ပုဒ်မ ၁၅ (ဂ) တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်းမရှိစေရ” ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများကောက်ယူရာတွင် ဥပဒေများကိုလျစ်လျူရှုလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက်ကိုသာ လုပ်ဆောင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၉ (ခ) အရ “မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်းတွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်” ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခဲ့ခြင်းမရှိဘဲ ထည့်သွင်းပေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [10] [11]

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှကြေညာခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၃၈၂၇၁၄၄၇ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏စာရင်းမှာ ၃၁၇၇၅၃၃၀ ဦးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အသက် ၁၈ နှစ်ပြည့်ပြီးသူ စာရင်းမှာ ၃၅၄၇၆၈၃၃ ဦးဖြစ်သဖြင့် အခြေခံလူဦးရေစာရင်းများ ကွာခြားလျက်ရှိသည်မှာ မဲမသမာမှုများ ဖြစ်ပေါ်ရေးအတွက် ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့ကြောင်း ပေါ်လွင်ထင်ရှားပါသည်။ [12]

 အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၀-၁၀-၂၀၂၀ ရက်စွဲပါ ကြေညာချက်အမှတ် (၁၈၉/၂၀၂၀) ဖြင့် ကြေညာချက်ထုတ်ပြန် ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် အချို့နေရာများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးအဖွဲ့များပါဝင်၍ နေအိမ်များသို့သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့်မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါသည်။ ကိုဗစ်- ၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို ၈ - ၁၀ - ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁ -၁၀ -၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့ပါသည်။ ယင်းညွှန်ကြားချက်များထုတ်ပြန်၍ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [13]

 မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၁၉-၈-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၄/ရကပ (၁၇၀)/ ကမရ ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့ကာ မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့် မဲပေးခွင့်ပြုခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများမဲပေးခွင့်ရရှိခဲ့ခြင်းများကြောင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ဆောင်ရွက်ရာတွင် UEC အမှတ်တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကိုတွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၄/ရကပ (၄၂၀)/ကမရ ဖြင့် ညွှန်ကြားခဲ့ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအနေဖြင့် ဆန္ဒမဲပေးရာတွင် UEC အမှတ်တံဆိပ်မပါသည့် အမှန်ခြစ်တံဆိပ်တုံးများကို ရည်ရွယ်ချက်ရှိရှိ တရားမဝင်အသုံးပြုရန်ရှိသည်မှာ ပေါ်လွင်ထင်ရှားနေပါသည်။ [14] [15]

နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရန်အတွက် အမည်စာရင်းပေးပို့သည့်စာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရန်အတွက် အမည်စာရင်းပေးပို့သည့်စာ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရန်အတွက် အမည်စာရင်းပေးပို့သည့်စာ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရန်အတွက် အမည်စာရင်းပေးပို့သည့်စာ