၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

မဲဆန္ဒရှင်စာရင်းပြုစုခြင်းအပေါ် စစ်ဆေးတွေ့ရှိချက်

 ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် “လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းစီမံချက်” ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့နှင့် ပူးပေါင်းရေးဆွဲ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ တတိယပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုရန်အတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရပါသည်။ ယင်းသို့ စာရင်းများကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာ အတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက်အပြုံလိုက်ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ဖောင်းပွပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရပါသည်။ [1]

 ထို့အပြင် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် မှားယွင်းမှုကို အကြောင်းပြု၍ အဆင့်ဆင့်သော NLD ပါတီ အောင်နိုင်ရေးအဖွဲ့များက မဲစာရင်းထည့်သွင်းစေခြင်းကို ရွေးကောက်ပွဲ နီးချိန်အထိ ဖိအားပေး၍ဆောင်ရွက်ခြင်းများကြောင့်လည်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စိစစ်နိုင်ခြင်းမရှိဘဲ မဲစာရင်းပိုမိုဖောင်းပွမှားယွင်းခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၆)၊ မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅ (ဂ) တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှ အပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသော မှားယွင်းမှုများကိုတွေ့ရှိရပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၉ (ခ) အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်းတွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်းမရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [2]

 ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ လိုအပ်သလို ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်သဖြင့် မဲစာရင်းများ ဖောင်းပွခြင်း/ မှားယွင်းခြင်းများရှိခဲ့သည်ကို တွေ့ရှိရပါသည်။ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မဲဆန္ဒရှင် အရည်အချင်း သတ်မှတ်ချက် ပြည့်စုံမှု ရှိ/ မရှိ မစိစစ်နိုင်သည့် မဲစာရင်းတွင် မပါဝင်သေးသူများ ထည့်သွင်းနိုင်ရေးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၃ ကြိမ်ပါဝင်နေခြင်း
မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၃ ကြိမ်ပါဝင်နေခြင်း
မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်ပါဝင်နေခြင်း
မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်ပါဝင်နေခြင်း