ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၇၃ တို့ကို သတ်မှတ်ကြေညာခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ ရွေးကောက်ပွဲကျင်းပရန် ကြေညာသည့်အချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ဖြစ်ပွားနေခဲ့ပါသည်။ ဩဂုတ်လတွင် နိုင်ငံရေးပါတီများက ပြည်သူလူထုအား ကပ်ရောဂါဘေးမှကာကွယ်နိုင်ရန် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ၂၄ ခုက နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲကျင်းပမည့်နေ့ကို ကပ်ရောဂါ ကူးစက်မှုအန္တရာယ်မှ လွတ်မြောက်နိုင်ရန် ပြန်လည်စဉ်းစားပေးစေလို ကြောင်းတောင်းဆိုခဲ့ကြပါသည်။ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ကလည်း တောင်းဆိုခဲ့ပါသည်။ ထိုသို့တောင်းဆိုမှုများအပေါ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟု သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဆေးပညာရှင်များ၏ သဘောထားရယူခဲ့ခြင်းမရှိဘဲ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းသည် လက်ရှိအာဏာရပါတီ အသာစီးရရန် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ [1]