၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနိုင်ရရှိရေးအတွက် ဥပဒေပြင်ဆင် ခြင်း လုပ်ငန်းများတွင် နိုင်ငံတော်သမ္မတ‌ဟောင်း၏ ဝင်ရောက်စွက်ဖက်မှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပေးချက်များရယူ၍ လုပ်ဆောင်ခဲ့ခြင်း

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ၏ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် စေခိုင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော International Foundation for Electoral Systems ( IFES ) နှင့် International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့တို့၏ ဝင်ရောက်စွက်ဖက်အကြံပေးချက်များကို လိုက်နာလုပ်ဆောင် ခဲ့ကြောင်းတွေ့ရှိရပါသည်။ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဥပဒေ ပြင်ဆင်၊ ဖြည့်စွက် ခြင်းလုပ်ငန်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတာဝန်ယူပြီး ၃ လအကြာ ၂၀၁၆ ခုနှစ်၊ ဇွန်လ မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအထိ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

 IFES အဖွဲ့၏ အကြံပြုတင်ပြချက်စာတမ်းအား စစ်ဆေးတွေ့ရှိချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့တို့တွင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်တွေ့ဆုံခဲ့ပြီး ဆွေးနွေးချက်များအရဟုဆိုကာ ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏နည်းဥပဒေများကို ပြင်ဆင်ရန်ဦးစားပေးအချက်များအဖြစ် ပေးပို့ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တောင်းဆိုချက်အရဟုဆိုကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်လည်း IFES နှင့် IDEA တို့မှ ပူးပေါင်း၍ စာတမ်းတစ်စောင်ပြုစုခဲ့ပြီး ထိုစာတမ်းတွင် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၊ ဖြည့်စွက်ရန် အကြံပြုချက်များပါဝင်ကြောင်း စိစစ်တွေ့ရှိရပါသည်။ [1] [2]

 ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် IFES နှင့် IDEA တို့၏ ၃၅၃ ချက်ပါ အကြံပြုတင်ပြချက်များအား လက်ခံရယူခဲ့ပြီး ယင်းအကြံပြုချက်များအား လွှတ်တော်သို့ပေးပို့ တင်သွင်းပြင်ဆင်နိုင်ရန်အတွက် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များပါဝင်ကာ ဆွေးနွေးမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ခြင်းအတွက် အစည်းအဝေးပြုလုပ်ခဲ့သော ၂၄-၅-၂၀၁၉ ရက်နေ့၏ အစည်းအဝေးမှတ်တမ်း၊ ၇-၆-၂၀၁၉၊ ၁၇-၆-၂၀၁၉၊ ၂-၇-၂၀၁၉၊ ၂-၁၀-၂၀၁၉၊ ၁၉-၉-၂၀၁၉ ရက်နေ့တို့၏ အစည်းအဝေးမှတ်တမ်းများတွင် စိစစ်တွေ့ရှိ ရပါသည်။ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတွင် IFES နှင့် IDEA တို့၏ အကြံပြုချက်စာတမ်းပါ အကြံပြုတင်ပြချက်များထဲမှ အကြံပြုတင်ပြချက် အမှတ်စဉ် ၁၇၇ တွင် “ ANFREL 2015: တပ်မတော်သား/ သူများအတွက် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်းသည် စံသတ်မှတ်ထားသော မဲရုံများနှင့် လုပ်ငန်းစဉ်များအရ ဖြစ်နိုင်သမျှလုပ်ဆောင်ရမည်ဖြစ်သည်။ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ကြိုတင်မဲပေးခြင်းမျိုးကို ခွင့်မပြုသင့်ပါ။ ” ဟူ၍ လည်းကောင်း၊ အကြံပြုတင်ပြချက် ၁၇၈ တွင် “ ANFREL 2017: ထိန်းချုပ်ထားသည့် အနေအထားပတ်ဝန်းကျင်တွင် မဲပေးခြင်းသည် မဲဆန္ဒရှင်များ၏အခွင့်အရေးကို လွတ်လပ်စွာ ကျင့်သုံးခြင်းကို ထိခိုက်နိုင်ပါသည်။ ထိန်းချုပ်ထားသည့် အနေအထားပတ်ဝန်းကျင် (စစ်တပ်စခန်းများ) ထက် လွတ်လပ်သောကြားနေ နေရာတစ်ခုက ပိုမိုကောင်းမွန် ပါသည်။ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် လွတ်လပ်စွာရွေးချယ်ခြင်းတို့မှာ သက်သောင့်သက်သာရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်စစ်တပ်စခန်းများတွင် မဲရုံများထားရှိခြင်းမပြုသင့်ပါ။ သို့မဟုတ် မဲရုံကို စစ်စခန်း၏ဂိတ်ပေါက်ပြင်ပတွင် ထားရှိနိုင်ပါသည်။” ဟူ၍လည်းကောင်း၊ အကြံပြုချက် ၁၇၉ တွင် “ ANFREL 2018 : တပ်မတော်သားများ၏ မဲဆန္ဒနယ်ပြင်ပကြိုတင်မဲပေးခြင်း - ကြိုတင်မဲပေးရန် နေ့ရက်နှင့် နေရာများကို ကြိုတင်ကြေညာထားခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို အားကောင်းစေမည်။ ယင်းသို့ ကြေညာထားခြင်းကြောင့် မီဒီယာနှင့် စောင့်ကြည့်လေ့လာသူများစသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများလည်း ၎င်းတို့၏အခန်းကဏ္ဍတာဝန်ကို အသီးသီးထမ်းဆောင်နိုင်မည်ဖြစ်သည်။” ဟူ၍လည်းကောင်း စသည့်တပ်မတော်နှင့် ပြည်သူလူထုအပေါ် ယုံကြည်မှုပျက်ပြားစေသည့် အချက်များကို ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းများအရ စိစစ်တွေ့ရှိရသည်။ [3]

 ထိုကဲ့သို့ ဆွေးနွေးခဲ့ပြီး ယင်းအကြံပြုချက် ၁၇၇၊ ၁၇၈ နှင့် ၁၇၉ တို့ ပါဝင်သော နည်းဥပဒေ ၃၉၊ နည်းဥပဒေခွဲ (က) ပါ နည်းဥပဒေပြင်ဆင်ချက်နှင့် အခြားပြင်ဆင်ချက်များအား ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၃-၁၀-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၅/ ၂၀၁၉)၊ (၅၆/၂၀၁၉)၊ (၅၇/၂၀၁၉)တို့ဖြင့် ထုတ်ပြန်၍ ပြင်ဆင်ခဲ့ကြောင်းနှင့် လွှတ်တော်သို့ ပေးပို့ဆောင်ရွက်ခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ [4]

 ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတကာအဖွဲ့အစည်း ၂၄ ခုနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်း(၁၂)ခုဖြင့် MOU လက်မှတ်ရေးထိုးကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ အထူးသဖြင့် International Republican Institute (IRI)၊ The Carter Center (TCC) စသည့်အဖွဲ့အစည်းများက ငွေကြေးထောက်ပံ့မှုများပြုခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ယင်းအဖွဲ့အစည်းများအား ထောက်ပံ့ထားသောနိုင်ငံများ၏ ဩဇာသက်ရောက်မှုမှာ လွန်စွာကြီးမားခဲ့ပြီး လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ခဲ့ကြောင်း သိသာထင်ရှားစွာ စိစစ်တွေ့ရှိရပါသည်။ [5]

 ယခင်နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရန်အတွက် ဥပဒေ၊ နည်းဥပဒေများပြင်ဆင်ရာတွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ညွှန်ကြားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြုလုပ်သော ဥပဒေ၊ နည်းဥပဒေများပြင်ဆင်နိုင်ရေးအစည်းအဝေးတွင် မိမိတို့သည် နိုင်ငံတော်သမ္မတကြီးနဲ့ ၂၁ ရက်နေ့ (၂၁-၅-၂၀၁၉ ကိုဆိုလိုသည်) တွင် တွေ့ရှိခဲ့ကြောင်း၊ “တက်ရောက်လာသည့် မိမိအပါအဝင်အဖွဲ့ဝင်အားလုံးသည် သမ္မတကြီး၏ နောက်ဆုံးမိန့်ခွန်း ညွှန်ကြားသည့်အဆင့်ထဲမှ ထည့်သွင်းဆွေးနွေးဖို့၊ ဒီအရာကိုပဲ ဆွေးနွေးနေကြောင်း သမ္မတကြီးဟာ မပါဘူး ဖြစ်နေမှာစိုးရိမ်ကြောင်း၊ သမ္မတကြီးပြောတဲ့ Update ဖြစ်သည့်အရာများ မပါဝင်ဘူး ဖြစ်နေမည်ကို စိုးရိမ်ကြောင်း” ပြောကြား ခဲ့သည်။

 ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပြုလုပ်သော ဥပဒေ၊ နည်းဥပဒေများပြင်ဆင်နိုင်ရေး အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၁၀ တွင်ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးနိုင်ရေး ဆွေးနွေးရာတွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်မှ “ ဒါကတော့ ကျွန်တော်တို့ ဟို ၂၁ ရက် ၅ လ ( ၂၁-၅-၂၀၁၉ ကိုဆိုလိုသည် ) က သမ္မတကြီးနဲ့တွေ့တော့ အဲဒီကိစ္စကို သူကတိတိကျကျကာလပိုင်းခြားပေးလိုက်တာ။ ခင်ဗျားတို့ ၁၈၀ ထက် ၉၀ ဆိုမရဘူးလားဗျာ ဆိုတဲ့ အဲ့စကားလေးတော့ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ၉၀ ဆိုပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးညှိလိုက်တာ” စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပြုလုပ်သော ဥပဒေ၊ နည်းဥပဒေများပြင်ဆင်နိုင်ရေး အစည်းအဝေးတွင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်မှ သမ္မတကြီးနှင့် တွေ့ဆုံစဉ်ကလည်း ယင်းတပ်တွင်း မဲကိစ္စ၊ မဲရုံကိစ္စ၊ ကြိုတင်မဲကိစ္စများအတွက် လမ်းညွှန်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို အစည်းအဝေးမှတ်တမ်းများအရ စိစစ်တွေ့ရှိရပါသည်။ [6]

 ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၊ နည်းဥပဒေ ၁၀ နှင့်ပတ်သက်၍ လွှတ်တော်သို့ တင်သွင်းစဉ်အချိန်အခါကပင် တိုင်းရင်းသားပါတီများနှင့် အခြားပါတီများမှ ကန့်ကွက်ဆန္ဒပြမှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နိုင်ငံရေးပါတီ ၁၄ ပါတီမှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ၏ နိုင်ငံတော်သမ္မတအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် မဲဆန္ဒရှင်နည်းပါး သော ပြည်နယ်များရှိမြို့နယ်များတွင် ရွေးကောက်ပွဲအနိုင်ရရှိရန်အတွက် စနစ်တကျ စီစဉ်ဆောင်ရွက် ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထိုကဲ့သို့ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် နည်းဥပဒေ ၁၀ ပါ နည်းဥပဒေ ပြင်ဆင်ချက်နှင့် အခြားပြင်ဆင်ချက်များအား မိမိရယူထားသော ရာထူးအာဏာကို အသုံးပြုလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအရေးသာနိုင်မည့် အခွင့်အရေးနည်းလမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား လုပ်ဆောင်စေခဲ့ပြီး ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၃-၁၀-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၅/၂၀၁၉)၊ (၅၆/၂၀၁၉)၊ (၅၇/၂၀၁၉) တို့ဖြင့် ထုတ်ပြန်၍ နည်းဥပဒေများ ပြင်ဆင်ခဲ့ကြောင်းနှင့် လွှတ်တော်သို့ ပေးပို့ ဆောင်ရွက်ခဲ့ကာ လွှတ်တော်မှအတည်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် ယခင် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဩဇာသက်ရောက်မှုမှာ လွန်စွာကြီးမားခဲ့ပြီး ယခုကဲ့သို့ လွှမ်းမိုး ချုပ်ကိုင်ခြယ်လှယ်ခဲ့ကြောင်း သိသာထင်ရှားစွာ စိစစ်တွေ့ရှိရပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်လည်း တရားမျှတပြီး လွတ်လပ်၍ဘက်မလိုက်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ကာ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [7] [8]