၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

မိမိပါတီအနိုင်ရရှိရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်း

 ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၅/၂၀၁၉)၊ (၅၆/၂၀၁၉) နှင့် (၅၇/၂၀၁၉) တို့ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀)၊ (၁၀/၂၀၂၀) နှင့် (၁၁/၂၀၂၀) တို့ဖြင့်လည်းကောင်း ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသည်။ ထိုသို့ ပြင်ဆင်ပြဋ္ဌာန်းရာတွင် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်နိုင်နှင့် ဦးသန်းဋ္ဌေးတို့သည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ သွားရောက်၍ ယင်းတို့၏ လမ်းညွှန်မှု မူဝါဒများနှင့်အညီ အာဏာရပါတီဖြစ်သော NLD ပါတီကို အလေးသာစေမည့် နည်းဥပဒေ ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [1]

 အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းချက်များတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀ ၌ မဲဆန္ဒနယ်ပြင်ပရောက်အခြားမဲဆန္ဒရှင်များအတွက် မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် အနည်းဆုံးရောက်ရှိနေရမည့် ကာလသတ်မှတ်ချက်ကို ယခင် “ရက်ပေါင်း ၁၈၀ ထက်မနည်း” ဟူ၍ သတ်မှတ်ထားရာမှ “ရက်ပေါင်း ၉၀ ထက် မနည်း” ဟူ၍ ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ရွှေ့ပြောင်းလုပ်သားများ အများအပြားရှိသည့် အချို့မဲဆန္ဒနယ် (ဥပမာ- ဖားကန့်၊ မိုးကုတ်၊ သတ္တု ရှာဖွေရေးလုပ်ငန်းနေရာများ၊ စက်မှုဇုန်နေရာများ စသည်) များမှ အဆိုပါ ရွှေ့ပြောင်းလုပ်သားများကို ရက်ပေါင်း ၉၀ ပြည့်ပါက မဲစာရင်းတွင် ထည့်သွင်းဆောင်ရွက်ခွင့်ပြုခြင်းအတွက် ယခင်ကတည်းက အခြေချနေထိုင်ခဲ့ကြသော နယ်မြေဒေသခံ တိုင်းရင်းသားများအနေဖြင့် နစ်နာမှုများရှိကြောင်း ဒေသခံနိုင်ငံရေးပါတီများ၏ တင်ပြချက်များအရ သိရှိရပါသည်။ [2]

 သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၃၉ (က) တွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များအတွက် မဲရုံနေရာများသတ်မှတ် ရာ၌ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ ဆန္ဒမဲ ပေးနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် အများပြည်သူများ လွတ်လပ်စွာ ဝင်ထွက်သွားနိုင်မည့် ထိုတပ်ရင်းတပ်ဖွဲ့၏ပြင်ပ သင့်လျော်သည့်နေရာတွင် သတ်မှတ်ပေးရမည် ဟူ၍ ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းခဲ့ရာ အချို့ဧရိယာကျယ်ဝန်းသော တပ်ရင်းတပ်ဖွဲ့၊ တပ်ဌာနချုပ်များတွင်နေထိုင်သော မဲဆန္ဒရှင်များအနေဖြင့် မဲရုံသို့သွားရောက် မဲပေးရာတွင် ခရီးအကွာအဝေးအရအခက်အခဲများ ဖြစ်ပေါ် ခဲ့ကြောင်းနှင့် အချို့နယ်မြေအေးချမ်းမှုမရှိသောဒေသများတွင် မိမိတပ်၏ ပြင်ပသို့သွားရောက်၍ မဲပေးရသည့်အတွက် တပ်တွင်းလုံခြုံရေးကို အားနည်းစေနိုင်သည့် အခြေအနေများရှိကြောင်း သိရှိရပါသည်။