ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို ၈-၉-၂၀၂၀ ရက်နေ့ နံနက် ၀၆:၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂:၀၀ နာရီအထိ ခွင့်ပြုကြောင်း ၆-၉-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ထိုသို့ထုတ်ပြန်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် စတင်ခွင့်ပြုသည့် ၈-၉-၂၀၂၀ ရက်နေ့မှစတင်၍ အချိန်ကိုက် စတင်ဆောင်ရွက်နိုင်ခြင်းကို တွေ့ရှိရသဖြင့် အခြားပါတီများထက် ကြိုတင်၍သတင်းရရှိကာ ပိုမိုအခွင့်အရေးအသာရရှိ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံရေးပါတီများမှ မိမိတို့ပါတီ၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြချက်များအား ၈-၉-၂၀၂၀ ရက်နေ့မှ ၆-၁၁-၂၀၂၀ ရက်နေ့ အထိ ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံရေးပါတီ ၉၂ ပါတီ အနက် ဟောပြောရန် တင်ပြလာသည့် နိုင်ငံရေးပါတီ ၈၅ ပါတီရှိပြီး၊ ဟောပြောခြင်း မပြုလိုကြောင်း တင်ပြလာသည့် နိုင်ငံရေးပါတီ ၇ ပါတီ ရှိခဲ့ပါသည်။ [1] [2]
ဟောပြောရန်တင်ပြလာသည့် နိုင်ငံရေးပါတီ ၈၅ ပါတီအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၆၄ ပါတီ၏ စာမူများကို သတ်မှတ်ထားသည့် တားမြစ်ချက်များနှင့်ငြိစွန်းသည်ဟု အကြောင်းပြလျက် ပြန်လည်ပြင်ဆင်၍ တင်ပြစေခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် အချို့ပါတီများက ရုပ်မြင်သံကြားမှ ဟောပြောတင်ပြမည့် အစီအစဉ်များကို ဆောင်ရွက်ခြင်းမပြုလိုသဖြင့် ပယ်ဖျက်ပေးရန် တင်ပြခဲ့ကြပါသည်။ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၁ ပါတီ ကိုမူ မူလတင်ပြသည့် စာမူအတိုင်း ဟောပြောခွင့်ပြုခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးရေးများ ဆောင်ရွက်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက် တောင်းခံရာတွင်လည်းကောင်း၊ စုဝေးရာတွင်လည်းကောင်း၊ ဟောပြောရာတွင်လည်းကောင်း အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ/ မြို့နယ် ကျန်းမာရေးအထောက်အကူပြုအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကိုအကြောင်းပြု၍ NLD ပါတီအပေါ် အလေးသာစေသည့် ဘက်လိုက်ဆောင်ရွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ၁၆/၂၀၁၇ ၏ ခွင့်ပြုချက်ဖြင့် Facebook နှင့် အခြား Social Media များကို စောင့်ကြည့်ဖြတ်တောက်ရန် Social Media Monitoring Team ကို နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ်ငွေ ၆၄၂၆ သန်း သုံးစွဲဖွဲ့စည်းပြီး နိုင်ငံရေးပါတီ များ၏ မဲဆွယ်စည်းရုံးဆောင်ရွက်မှုနှင့် လှုပ်ရှားမှုများကို ဖျက်ချ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာ စည်းရုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်းသည် တစ်ဖက်သတ်ဆန်ပြီး လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။
ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးဟောပြောခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စံလုပ်ငန်းလမ်းညွှန် ( Standard Operating Procedures – SOP ) တွင် ပါဝင်သည့် လူဦးရေ ၅၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရဆိုသည့် သတ်မှတ်တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁၉-၉-၂၀၂၀ ရက်နေ့တွင် ပြုလုပ်သော ကားစတစ်ကာကမ်ပိန်း ( Car Sticker Campaign ) ပြုလုပ်မဲဆွယ်မှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဦးဝင်းထိန်တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်ရှေ့မှထွက်၍ ကြည့်ရှုထောက်ခံအားပေးခဲ့ပါသည်။ နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုင်ငံရေးရာထူးကိုအသုံးပြု၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် NLD ပါတီမှ မော်တော်ကားအစီးရေ ၂၂၀ စီး၊ မော်တော်ဆိုင်ကယ် အစီးရေ ၃၂ စီး၊ လူဦးရေ ၇၆၀ ဦးခန့်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ မဲဆွယ်စည်းရုံးသည့် Car Campaign ပြုလုပ်ရာ၌ ကိုယ်တိုင်အားပေးကြိုဆိုခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကိုဗစ်-၁၉ ဆိုင်ရာ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း၌ တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆွယ်စည်းရုံးခဲ့ခြင်းများပြုလုပ်ခဲ့ပါသည်။
မဲဆွယ်စည်းရုံးခြင်းများဆောင်ရွက်ရာတွင် အချို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏ အာဏာကိုအသုံးချ၍ ငွေကြေးထောက်ပံ့ခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ အစိုးရမှထောက်ပံ့သည့်ငွေကြေးများကိုပါတီမှ ထောက်ပံ့ သယောင် ပြည်သူလူထုအား လိမ်လည်လှည့်ဖြား၍ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် အခြားနိုင်ငံရေးပါတီများထက် အခွင့်အရေးပိုမိုရယူခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ထုတ်ပြန်ကြေညာပြီးနောက် ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အကြောင်းအရာ ၁၃ မျိုးရှိ သော်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆိုပါ အကြောင်းအရာ ၁၃ မျိုးအနက် အောက်ပါအကြောင်းအရာများကို စောင့်ကြည့်လေ့လာရန် ခွင့်မပြုခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်- [3]
(က) | ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ၊ ညွှန်ကြားချက်များ |
(ခ) | မဲဆန္ဒရှင်သတင်းအချက်အလက်၊ |
(ဂ) | မဲလက်မှတ်များရိုက်နှိပ်ခြင်း၊ |
(ဃ) | ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း။ |
သို့ဖြစ်၍ ရွေးကောက်ပွဲလေ့လာသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရာတွင် လိုအပ်သည့်အကြံပြုချက်များ မပေးနိုင်ခြင်း၊ မဲလက်မှတ်များ မှာယူရိုက်နှိပ်ရာတွင် လွှတ်တော်အလိုက်မှာယူသည့် မဲလက်မှတ်အရေအတွက်၊ ပျက်စီး မဲလက်မှတ်အရေအတွက်၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေး ခဲ့သည့် မဲလက်မှတ်အရေအတွက်၊ မဲဆန္ဒရှင်အင်အားစာရင်းအရ ထပ်မံမှာယူသည့် မဲလက်မှတ် အရေအတွက်များကို လေ့လာခွင့်မရှိခဲ့သည့်အပြင် မဲလက်မှတ် ရိုက်နှိပ်မှုနှင့်စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းမရှိသောကြောင့် ပွင့်လင်းမြင်သာမှုအားနည်းခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ [4]