ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၇၃ တို့ကို သတ်မှတ်ကြေညာခဲ့သော်လည်း မြို့နယ် ၃၁၅ မြို့နယ်တွင်သာ အထွေထွေရွေးကောက်ပွဲများ ပြုလုပ်နိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ် မြို့နယ် ၉ ခုနှင့် ရှမ်းပြည်နယ်ရှိ မိုင်းလားမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ် မြို့နယ် ၆ ခု၊ စုစုပေါင်းမြို့နယ် ၁၅ ခုတို့တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာခဲ့ပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်ရှိမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၆ စု၊ ရှမ်းပြည်နယ်ရှိ မြို့နယ်၁၈ မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၆၅ စု၊ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ စု၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ စု၊ မွန်ပြည်နယ်ရှိမြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ စု နှင့် ပဲခူးတိုင်းဒေသကြီးရှိမြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ စု၊ စုစုပေါင်း မြို့နယ် ၄၂ မြို့နယ်မှ ရပ်ကွက် ၁၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၈၉ စု တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်းမပြုလုပ်မည့် နယ်မြေများအဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့ပါသည်။
ရွေးကောက်ပွဲမကျင်းပခဲ့သည့် မဲဆန္ဒနယ်အချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်မရနိုင်သည့် မဲဆန္ဒနယ်များဖြစ်ကြပြီး နိုင်ငံရေးအရဘက်လိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီ များက စွပ်စွဲခဲ့ကြသည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီ စသည့်တိုင်းရင်းသားနိုင်ငံရေးပါတီ ၅ ခုက ပူးတွဲကြေညာချက်ထုတ်ပြန်၍ ရွေးကောက်ပွဲကျင်းပ ပြုလုပ်ပေးရေးအတွက် စဉ်းစားပေးရန်တောင်းဆိုခဲ့ကြပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နိုင်ငံရေးပါတီ ၄ ခုမှ မိုင်းကိုင်မြို့နယ်သည် တည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ခွင့်ရရှိရန် ပြည်သူလူထုတစ်သောင်းကျော် လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့ကြပါသည်။ အလားတူ မူဆယ်၊ လားရှိုးနှင့် ကျောက်မဲခရိုင်တို့ရှိ ရွေးကောက်ပွဲကျင်းပခွင့်မရသည့် မြို့နယ် များ၏ မဲဆန္ဒနယ်များကလည်း ရွေးကောက်ပွဲကျင်းပပြုလုပ်ခွင့်ရရှိရန် တောင်းဆိုခဲ့ကြပါသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း အချို့မြို့နယ်များသည် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် လုံခြုံရေးအရ စိတ်ချရသည့်နေရာများဖြစ်ကြောင်း ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်အကြောင်း ပြန်ကြားမှုများရှိခဲ့ပါသည်။ ထို့နောက် ကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စု ၃ ခု၊ အမ်းမြို့နယ်မှ ကျေးရွာအုပ်စု ၄ ခု၊ မူဆယ်မြို့နယ်မှ ရပ်ကွက် ၁ ခု၊ လားရှိုးမြို့နယ်မှ ရပ်ကွက် ၁ ခု၊ ကွမ်းလုံမြို့နယ်မှ ရပ်ကွက် ၁ ခုတို့ကို ရွေးကောက်ပွဲမပြုလုပ်မည့်နယ်မြေများစာရင်းမှ ပယ်ဖျက်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ သို့သော်လည်း ယခင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၉၄ အုပ်စုအား ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်း ဆောင်ရွက်ချက်များ အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ဘက်လိုက်ဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲတိုင်းတွင် မဲရှုံးခဲ့ရခြင်းကို အကြောင်းပြု၍ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်အား ဖျက်သိမ်းခဲ့ခြင်းသည်လည်း ပါဝင်ကြောင်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်း(AA)မှ ကြေညာချက်ထုတ်ပြန်၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမတိုင်မီ ရွေးကောက်ပွဲကျင်းပခြင်း မပြုခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပေးရန်တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် (AA) ဘက်မှ ရခိုင်ပြည်နယ်တွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သတ်မှတ်ကြေညာခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းပယ်ဖျက်ခဲ့ခြင်းများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်မရနိုင်သည့် နေရာများကို လုံခြုံရေးအကြောင်းပြ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ [1] [2]